25 C
Yangon

မြန်မာ စစ်တပ်နှင့်ရဲများက မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေး ဗျူဟာနှင့် နိုင်ငံရေးဖိနှိပ်မှုအဖြစ် အသုံးချနေမှု ကုလအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ

Must read

မြန်မာ စစ်တပ်နှင့်ရဲများက မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေး ဗျူဟာနှင့် နိုင်ငံရေးဖိနှိပ်မှုအဖြစ် အသုံးချနေမှု ကုလအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ

■ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို ပိုမိုအားကောင်းသော ဆုံးဖြတ်ချက် ထပ်မံချမှတ်အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁၅

မြန်မာ စစ်တပ်နှင့်ရဲများက မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို စစ်ရေး ဗျူဟာနှင့် နိုင်ငံရေးဖိနှိပ်မှုအဖြစ် စနစ်တကျ အသုံးချမှုအတွက် သံသယ တရားခံစာရင်းတွင် မြန်မာစစ်တပ်နှင့် စစ်တပ်အောက်ရှိ နယ်ခြားစောင့်တပ်များကို ကုလသမဂ္ဂအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြလိုက်ကြောင်း သိရှိရ သည်။

ထိုသို့ ထည့်သွင်းဖော်ပြသည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်တို့အား ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာစစ်တပ်ကို လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ထပ်မံ ချမှတ် အရေးယူရန် တိုက်တွန်းကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသ မဂ္ဂ လုံခြုံရေးကောင်စီတွင် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပဋိပက္ခအ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” နှင့် ပတ်သက်၍ Open Debate ကျင်းပပြုလုပ်စဉ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် ကျင်းပခဲ့သော အဆိုပါ “Women and Peace and Security: sexual violence in conflict” အစည်းအဝေးကို ဇူလိုင်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဗြိတိန်နိုင်ငံက ကြီးမှူးကျင်းပခဲ့ပြီး Special Representative of the Secretary-General on Sexual Violence in Conflict ဖြစ်သူ Ms. Pramila Patten ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း ကိုယ် စားလှယ် မနော်ဆဲဆဲနှင့် Survivor Champion ဖြစ်သူ Ms. Nadine တို့ ၃ ဦး က ဆွေးနွေးသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြကြောင်း၊ အလားတူ မြန်မာ နိုင်ငံမှ သံအမတ်ကြီးဦးကျော်မိုးထွန်း အပါအဝင် နိုင်ငံပေါင်း (၆၀) ကျော်မှ ကိုယ်စားလှယ်များ ပါဝင်၍ မိန့်ခွန်းများ အသီးသီးပြောကြား ခဲ့ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က လက်နက်ကိုင် ပဋိပက္ခများအတွင်း အဓမ္မပြုကျင့်ခြင်း သို့မဟုတ် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် တာဝန်ရှိခြင်း သို့မ ဟုတ် ကျူးလွန်သည်ဟု သံသယဖြစ်ရသည့် တရားခံများစာရင်းတွင် မြန်မာ စစ်တပ်နှင့် စစ်တပ်အောက်ရှိ နယ်ခြားစောင့်တပ်များကို ယခုနှစ်အစီရင်ခံစာတွင် မှန်ကန်စွာ ထည့်သွင်းထားသည့် အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အား ကျေးဇူးတင်ရှိ ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံအပါအဝင် ဖြစ်စဉ်အများစုတွင် တရားဥပဒေစိုးမိုးမှု လုံးဝဥဿုံ ဆိတ်သုဉ်းသွားရခြင်းနှင့် အခြေခံဥပဒေနှင့်ဆန့်ကျင်သည့် အစိုးရအပြောင်း အလဲများကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ပဋိပက္ခများ မြင့်တက်လာမှုအရ အရပ်သားပြည်သူများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သိသိသာသာ ရင်ဆိုင်ကြုံတွေ့လာရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သည့် ပုံစံများမှာ ပိုမိုနက်ရှိုင်းလာကြောင်း၊ ထို့ပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား စစ်ရေးနည်းဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုမှုမှာ ဆက်လက်ရှိနေကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ထို့ပြင် နည်းဗျူဟာကို အတိုက်အခံများအား ခြိမ်းခြောက်ရန်နှင့် အပြစ်ပေးရန် သာမက နိုင်ငံရေးအကြမ်းဖက်မှုတစ်ခုသဖွယ် အသုံးပြုလျက်ရှိကြောင်း၊ အဓိက အားဖြင့် ပစ်ဒဏ်ခတ်မခံရခြင်းမှာ သိသာထင်ရှားဆဲဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင်လည်း စစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဖြစ်သည့် အဓမ္မပြုကျင့်ခြင်း၊ ပဋိပက္ခအတွင်း အဖွဲ့လိုက်အဓမ္မပြုကျင့်ခြင်း စသည်တို့ကို စစ်ရေးနည်းဗျူဟာအဖြစ် အချိန်ကာလကြာမြင့်စွာ အသုံးချခဲ့ခြင်းကို မှတ်တမ်းများရှိပြီး ဖြစ်သကဲ့သို့ ကုလသမဂ္ဂအနေဖြင့်လည်း အဆိုပါအခြေအနေကို ကောင်းမွန်စွာ သိရှိပြီးဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။

၂၀၂၁ ခုနှစ်၊​ ဖေဖော်ဝါရီလအတွင်း မတရားစစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်တွင်ရှိသော လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေး နည်းဗျူဟာ၊ နိုင်ငံရေးဖိနှိပ်မှု၊ ခြိမ်းခြောက်မှုနှင့် လက်တုံ့ပြန်ခြင်းတို့အဖြစ် စနစ်တကျ အသုံးချလျက် ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရသည်မှာ ရှင်းလင်းထင်ရှားကြောင်း၊ မတရားစစ်အာဏာသိမ်းပြီးနောက် စစ်တပ်မှ ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများသည် သီးခြားဖြစ်စဉ်များ မဟုတ်ကြောင်းကို လုံခြုံရေး ကောင်စီနှင့် အထွေထွေညီလာခံသို့ ထပ်တလဲလဲ တင်ပြခဲ့ပြီးဖြစ် ကြောင်း၊ စစ်တပ်မှ ကျူးလွန်နေသည့် ပြစ်မှုများသည် ကျယ်ကျယ်ပြန့်ပြန့်နှင့် ပစ်မှတ်ထားကာ စနစ်တကျကျူးလွန်နေခြင်းဖြစ်သောကြောင့် အဆိုပါပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုမြောက်သည်ဟု ပင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မှတ်ချက်ပြုထားကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခများအတွင်း အဓမ္မပြုကျင့်ခြင်း သို့မဟုတ် အခြားသော လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများအတွက် တာဝန်ရှိခြင်း သို့မဟုတ် ကျူးလွန်သည်ဟု သံသယဖြစ်ရသည့် တရားခံများစာရင်းတွင် မြန်မာစစ်တပ်နှင့် စစ်တပ်အောက်ရှိ နယ်ခြားစောင့်တပ်များကို ယခုနှစ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့်အတွက် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်နှင့် SRSG Patten တို့ကို ကျေးဇူးတင်ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

အခြားတစ်ဖက်တွင်လည်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်နှင့်အညီ ပြည်သူများကို ဗဟိုပြု၍ အရပ်ဖက်အဖွဲ့ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များမှတစ်ဆင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအာဂျင်ဒါကို အကောင်အထည် ဖော်ဆောင်နေကြောင်း မြန်မာပြည်သူများအဖို့ မြန်မာစစ်တပ်၏ လုပ်ရပ်များသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လက်သင့်ခံနိုင်ခြင်းလည်း မရှိကြောင်း၊ သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသများတွင် မှီတည်းနေထိုင်သူများသည် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်ပေးခြင်းမှ အကာအကွယ်ရရှိရန် အထူးလိုအပ်လျက်ရှိကြောင်း၊ ထို့အတူ ရှင်ကျန်ရစ်သူများ အနေဖြင့်လည်း တရားမျှတမှုရရှိရန် ထိုက်တန်ကြောင်း၊ စစ်တပ်သည် ၎င်း၏ တပ်သားများမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းကို ကိုင်တွယ်ဖြေရှင်းပေးရန် ဆန္ဒအလျဉ်းမရှိကြောင်း၊ ယင်းအစား ပစ်ဒဏ်ခတ်ခြင်းမခံရ သည့် ကျင့်စဉ်ကိုသာ ဆက်လက်ထိန်းသိမ်းနေမြဲဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဤမျှ ဆိုးရွားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား အပြီးတိုင် ချုပ်ငြိမ်းနိုင်ရန် စစ်တပ်အား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သည့် ပင်မတရားခံဖြစ်နေသည့် စစ်တပ်မျိုးမှ ကျွမ်းကျင်မှုနှင့် တာဝန်ခံမှုပြည့်ဝ၍ တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ် ဒီမိုကရက်တစ် စံနှုန်းများနှင့် စည်းမျဉ်းများကို လိုက်နာသည့် အဖွဲ့အစည်းအဖြစ်သို့ မဖြစ်မနေပြောင်းလဲ၍ ဖွဲ့စည်းတည်ဆောက်ရန် အထူးလိုအပ်ကြောင်း ဤသည်ပင်လျှင် စစ်အာဏာရှင်ကျရှုံးရေးအတွက် မိမိတို့လက်ရှိဆောင်ရွက်နေသည့် တော်လှန်ရေး ၏ အန္တိမပန်းတိုင်ပင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့် နေရာဒေသများတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အလေးထားအာရုံစိုက် သင့်ပြီး စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရေး တောင်းဆိုရန်၊ အထူးအားဖြင့် စစ်တပ်က အကျိုးခံစားနေသည့် ပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်နေမှုအား အပြီးတိုင်ချုပ်ငြိမ်းစေရန် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန်၊ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ်အတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို (2669) ၏ နောက်ဆက်တွဲအကောင်အထည်ဖော်မှုအဖြစ် ပိုမိုအားကောင်းသည့် နောက်ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ရန်၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုပါဆုံးဖြတ်ချက်အဆိုအား အချိန်နှင့် တပြေးညီ ချမှတ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းသည့် လုပ်ငန်းစဉ်တစ်ရပ်ကို မဆိုင်းမတွဘဲ ယခုပင် စတင်လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article