ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် ရွှေဘိုမြို့နယ် မြောက်ခြမ်းကို လှည့်ပတ် မီးရှို့နေသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခွန်တောင်ကြီး ပျူရွာ နှင့် ညောင်ပင်သာ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ နေ၍ ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ခင်ဦးမြို့နယ် တိုက်နယ်- ၂ ဒေသရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တဲဘိုပင်ရွာ၊ ကြာပင်အိုင်ရွာ၊ တပင်ကောင်း(တောင်)ရွာနှင့် သရက်ပင်ဝန်းရွာ မှ ဒေသပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တဲဘိုပင်ကျေးရွာမှ ထွက်ခွာလာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ သိမ်တော်ကျေးရွာအတွင်း ဝင်ရောက်လာကြောင့် ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ မြို့သစ်ရွာမှ ဒေသပြည်သူ ၈၀၀၀ ကျော်သည် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။