ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သံတောင်တွင် စစ်ကား ၂ စီးကို ၃ ကြိမ် တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား
ရန်ကုန်၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ မီးသတ်ရုံးနှင့် တိုင်းရင်း ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင်၊ နဂါးနီတပ်ရင်း ၁ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ ၂၄ မိနစ်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်း ကာတပ်စွဲထားသည့် မီးသတ်ရုံးနှင့်တိုင်းရင်းဆေးရုံတို့ကို ဒရုန်း ၂ စီးဖြင့် တစ်ပိဿာခွဲခန့်ရှိ ဗုံးသီး ၄ လုံး ဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သား ၂ ဦးကို ပြည်သူများထံမှ မတရားသိမ်းယူပြီး ကြံ့ဖွတ်ရုံးဝန်း အဖြစ်ခြံခတ်ထားသည့်အထဲ၌ ကျင်းတူးမြှုပ်နှံပစ်လိုက်ကြောင်း သိရသည်။
“တိုင်းရင်းဆေးတိုက်ရယ်၊ မီးသတ်ရုံးရယ်၊ ရဲစခန်းရယ်က ၃ ပွင့်ဆိုင်အနေအထားမှာရှိတာ၊ သေသွားတဲ့ ခွေးနှစ်ကောင်ကို ကြံ့ဖွတ်ရုံး၊ ဧကတွေအများကြီးပဲ ပြည်သူပိုင်တွေကို သိမ်းထားတာ၊ အဲဒီရုံးဝန်းကြီးထဲ မှာ မြှုပ်လိုက်တာ၊ အရာရှိပိုင်းအကြီးပိုင်းထဲက သေမှသာ မီးသင်္ဂြိုလ်တာ၊ သာမန်ရဲဘော်တွေသေရင် အဲဒီဝန်းထဲပဲမြှုပ်တာ၊ ညပိုင်းဗုံးကျဲခဲ့တာကတော့ မသိရဘူး၊ သတင်းအမှောင်ချတဲ့အချိန်နဲ့ ညပိုင်းက လုပ်တဲ့မစ်ရှင်ဖြစ်နေလို့၊ ဒါပေမယ့် ထပ်မြှုပ်ဖို့ ကျင်းတွေတူးနေတယ်လို့ သတင်းရတယ်” ဟု ကျောက် ဆည်ခရိုင်၊ နဂါးနီတပ်ရင်း ၁ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီးတပ်ရင်း)နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများ၊ ပျူစောထီးများမှ ဝက်လက်မြို့ကို ပိတ်ဆို့ကာ ပြည်သူများကို ခြိမ်းခြောက်များလည်းရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူ – လိပ်သိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီးကား ၂ စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ ရာ စစ်သားအများအပြားသေဆုံးနိုင်ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇူလိုင် ၂၄ ရက်နေ့တွင် တောင်ငူဘက်မှ လိပ်သိုဘက်သို့ အင်အား ၇၀ ခန့်ပါ အကြမ်း ဖက်စစ် ကောင်စီကား ၂ စီး တက်လာကြောင်း သတင်းအရ သံတောင်မြို့နယ်၊ လေးအိမ်စုကျေးရွာ အနီး ညောင် ကုလားထိုင်ကွေ့၌ နံနက် ၇ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ သံတောင်မြို့နယ်၊ ရင်ခွဲတောင် မုခ်ဦး ကွေ့ တွင် နံနက် ၇ နာရီ ၁၅ မိနစ်တွင်တစ်ကြိမ်နှင့် သံတောင်မြို့နယ်၊ ကော်ဗက်ခြံကျေးရွာအနီးတွင် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်၌တစ်ကြိမ် ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ယင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအ ကျ သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြမ်းဖက်စစ်တပ်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ခွဲ ၁ ၊ သံတောင်မြောက်ပိုင်း Fighter ဆားခဲ အဖွဲ့၊ တောင် ငူခရိုင် တပ်ရင်း ၃၅၀၁ နှင့် ရေတာရှည်မြို့နယ်အခြေစိုက် တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။