ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြရွာကို စစ်တပ်က ဒုတိယအကြိမ် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
ရန်ကုန်၊ သြဂုတ် ၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်နှင့် အောင်သာရွာတို့မှ ပျူစောထီးများပါဝင်သော စစ်ကြောင်းသည် ဖလံအိုစံပြရွာကို ဝင်ရောက် စီးနင်း မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။
“ဖလံအိုစံပြကျေးရွာ အခု မီးရှို့ခံနေရပါတယ်။ စစ်ခွေးတွေနဲ့ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်နဲ့ အောင်သာရွာက ပျူစောထီးတွေ ပါတဲ့ စစ်ကြောင်းက ရွာကို မီးဝင်ရှို့နေတာ တရွာလုံး ပြေးနေရပါတယ်။ အကြောင်းမဲ့ဝင်ရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အဆိုပါ ဖလံအိုစံပြရွာကို ဇူလိုင်လ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
Photo – ဇူလိုင်လ ၁၂ ရက်နေ့က ဖလံအိုစံပြရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် ပြာကျသွားသော ပြည်သူပိုင် နေအိမ်များ