ရန်ကုန်၊ မေ ၃၀
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အဝင်ရှိ ဆွဲကြီးရွာတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူ ၄ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ပြီး မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ရပ်ကွက်၊ ဆွဲကြီးရွာနှင့် ထနောင်းကုန်းရွာတို့ကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်ရာနှင့်ချီ မီးလောင်ပြာကျနိုင်ကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များကို စစ်ဘေးရှောင်ပြည်သူများက မီးငြိမ်းရန် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာစဉ် စစ်တပ်က သတ်ဖြတ်ထားသည့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၄ ဦး ရုပ်အလောင်းကို ယမန်နေ့ မေလ ၂၉ ရက်နေ့က ဆွဲကြီးရွာအတွင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မေလ ၂၈ ရက်နေ့ကလည်း ဆွဲကြီးရွာလမ်းပေါ်တွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းကို ပြည်သူများက တွေ့ရှိခဲ့သေးကြောင်း သိရှိရသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်ခြေမြို့ပေါ်တွင်သာ ရှိသေး၍ ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ရိက္ခာများ စုဆောင်းနေပြီး မည်သည့်နေရာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မနေ့က မြို့ပေါ်ပြန်ပြီး မီးငြိမ်းဖို့ သွားတဲ့ ပြည်သူတွေက ဆွဲကြီးရွာထဲမှာ စစ်ခွေးတွေသတ်ဖြတ်ထားတဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ထပ်တွေ့ခဲ့တယ်လို့ သိရတယ်။ မြို့ထဲကို မရောက်လိုက်ပြီး စစ်ခွေး ကင်းပုန်းတွေက သေနတ်နဲ့ လှမ်းပစ်လို့ ပြန်ပြေးခဲ့ရတယ်။ အလောင်းတွေလည်း အခုထိ မကောက်နိုင်သေးဘူး။ အကုန်လုံးက တကွဲတပြားတွေ ဖြစ်နေတော့ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ ခက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုစစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မြစ်ခြေမြို့ကို ဦးတည် စစ်ကြောင်းထိုးလာကာ လမ်းတောက်လျောက်ရှိ ပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားကြောင်း၊ စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် လက်ပန်ကျွန်းရွာ ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာ နှင့် ထနောင်းကုန်းရွာ တို့မှ နေအိမ် ၁၀၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“နေအိမ် ပျက်စီးမှုက ၁၀၀၀ နီးပါး လောက်ရှိလိမ့်မယ်။ စစ်ခွေးတွေက ရွာလုံးကျွတ်တွေပဲ မီးရှို့ဖျက်ဆီးသွားတာ အရေအတွက် အတိအကျကတော့ ပြောဖို့ ခက်နေတယ်။ စစ်ခွေးစစ်ကြောင်းကလည်း ရှိသေးတော့ ပျက်စီးမှု အရေအတွက်က အဲ့ထက်လည်း ပိုများနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
လက်ရှိအချိန်ထိ မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးတဝိုက် ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာများနှင့် မိုးကာများလည်း လိုအပ်နေကြောင်း သိရသည်။




