ရန်ကုန်၊ မေ ၃၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါင်တိုင်ကျေးရွာမှ ကိုသိန်းမြင့်ဆွေကို စကားပြောစက်တွေ့သည်ဟုဆိုကာ လက်ပြန်ကြိုးတုပ်၍ ပစ်သတ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အင်အား ၄၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ခိုးယူထားသော ပြည်သူပိုင် ပစ္စည်းများကို သယ်ဆောင်၍ ဆင်စွယ်ရွာမှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် ရင်ပေါင်တိုင်ကျေးရွာအတွင်းကို ရောက်ရှိလာစဉ် နေအိမ်၌ ဝက်စာကျွေးနေသည့် အသက် ၄၀ နှစ်အရွယ် ကိုသိန်းမြင့်ဆွေထံမှ စကားပြောစက်တွေ့သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုလဲမြို့နယ်၊ ပုပ္ပါရွာအရှေ့ဘက်အရောက်တွင် လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့မနက် ဆင်စွယ်ရွာကနေထွက်လာတဲ့ စစ်ကြောင်းဟာ ရင်ပေါင်တိုင်ရွာဘက်ကို ဝင်ရောက်လာတဲ့အချိန်မှာ ရွာသားဖြစ်သူကိုသိန်းမြင့်ဆွေက ဝက်တွေကို အစာဝင်ကျွေးနေတုန်း အဖမ်းခံလိုက်ရပါတယ်။ ရင်ပေါင်တိုင်ရွာက တရွာလုံး စစ်ဘေးရှောင်နေကြရတာ သူမွေးမြူထားတဲ့ ဝက်တွေကို အစာပြန်ကျွေးနေတုန်း ဖမ်းခံလိုက်ရတာ ကိုသိန်းမြင့်ဆွေမှာ စကားပြောစက် တွေ့လို့ဆိုပြီး ဖမ်းတာ သူ့ကို ပုပ္ပါရွာအရှေ့ဘက်မှာပဲ လက်ပြန်ကြိုးတုတ်ပြီး ရက်ရက်စက်စက်ပစ်သတ်ခဲ့တယ်။ သေဆုံးသူမှာ ဇနီးနဲ့ သားသမီး သုံးယောက် ကျန်ရစ်ခဲ့တယ်။ ဒီဘက်နယ်မှာက လေကြောင်းအန္တရာယ်အသိပေးချက်ကို သိရဖို့အတွက် စကားပြောစက်တွေ ဝယ်ယူပြီး နားထောင်ကြရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ရွာတွင် အထိုင်ချတပ်စွဲခဲ့စဉ်က ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်း ကား၊ ထော်လာဂျီ နှင့် ဖောကားများအပြင် ဆိုင်ကယ်များပါ ခိုးယူခဲ့ကာ ၎င်းတို့ ခိုးယူထားသော ပစ္စည်းများကို သင်ဆောင်၍ ဆင်စွယ်ရွာမှ တဆင့် ရင်ပေါင်တိုင်ကျေးရွာ၊ ပုလဲမြို့နယ် ပုထိုးသာကျေးရွာ၊ မောင်းတုံကျေးရွာ၊ ပုပ္ပါကျေးရွာ၊ ယင်းမာပင်မြို့နယ် တမာပင်ဂွကျေးရွာနှင့် ငါးမောင်း (အရှေ့/အနောက်) ကျေးရွာများရှိ လမ်းပိုင်းများကို ဖြတ်သန်းပြီး ယနေ့ ညနေပိုင်းတွင် ယင်းမာပင်မြို့အတွင်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။
“ဆင်စွယ်ရွာကိုအထိုင်ချပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေကနေခိုးယူပြီး ယူဆောင်သွားတာ ကား တွေထော်လာဂျီ ဖောကားတွေအပြင် ပြည်သူပိုင် ဆိုင်ကယ်တွေပါ ယူဆောင်သွားကြတယ်။ စစ်ကြောင်းက ငါးမောင်းရွာကနေတဆင့် ယင်းမာပင်မြို့ထဲကိုဝင်ရောက်သွားပါပြီ။ ယင်းမာပင်မြို့ထဲ ဝင်သွားပြီဆိုတော့ ပြန်ပြီးထွက်လာ မလာစောင့်ကြည့်နေကြရတယ်။ စစ်ကြောင်းကတော့ မရှိတော့ဘူး။ ကိုသိန်းမြင့်ဆွေရဲ့ dead body ကို ရင်ပေါင်တိုင်ရွာဘက်ကိုပြန်သယ်လာခဲ့ပြီလို့ကြားတယ် ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။
ထိုစစ်ကြောင်းသည် ယင်းမာပင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားသော်လည်း မည်သည့်အချိန်တွင် ထပ်မံ စစ်ကြောင်းထိုးလာမည်ကို မသိရှိသောကြောင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများကလည်း စစ်ရေးသတိဖြင့် ဆက်လက်စောင့်ကြည့် နေထိုင်ကြရန် နှိုးဆော်ထားသည်။
ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




