ရေစကြိုမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၂
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာ ပျူစောထီးစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁ ရက် ညနေ ၅ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်း အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော ဇီးတောရွာရှိ ပျူစောထီးစခန်းကို 3 kg အလေးချိန်ရှိ ဗုံးသီး ၄ လုံးကို မောင်း သူမဲ့ လေယာဉ်ငယ် ၂ စီးဖြင့် ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိ ခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“3 kg အလေးချိန်ရှိတဲ့ ဗုံးသီး ၄ လုံးကို မောင်းသူမဲ့လေယာဉ် ၂ စီးနဲ့ နှစ်ခေါက်ပြန်ချခဲ့တာ၊ အဲဒီဗုံးသီးက အီနာဂါလိုပါပဲ၊ လက်လုပ်ပေါ့၊ တစ်လုံးပြီးတစ်လုံး သွားချခဲ့တာ၊ စစ်ခွေးတွေဘက်ကတော့ လက်နက် ကြီး ၆၀ မမ ၂ လုံးပြန်ပစ်တယ်၊ ပြီးတော့ လက်နက်ငယ်တွေနဲ့လည်း တောက်လျှောက်ပြန်ပစ်တယ်၊ စစ်ခွေးတွေ အထိအခိုက်ရှိနိုင်ပေမယ့် ပျူရွာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အတည်မပြုနိုင်သေးဘူး” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပကဖ)၊ Salingyi Special Task Force – SSTF(Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team – 4 ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team – 3 PDAF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။