33 C
Yangon

စစ်ကောင်စီကို ပျက်ရယ်ပြု၊ မထီမဲ့မြင်ပြုသူများကို စီးပွားပျက်အောင် လုပ်ဆောင်ကြရန် စိုးထွဋ် အမိန့်ထုတ်၊ အသံတိတ်သပိတ်ကို မင်းအောင်လှိုင် အကြီးအကျယ် ကြောက်လန့်ခဲ့သော အထူးအစည်း အဝေး အသံဖိုင်ထုတ်ပြန်မည်

Must read

ရန်ကုန်၊ မတ် ၁၄

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ကို ပျက်ရယ်ပြုသူများ၊ မထီမဲ့မြင်ပြုသူမှန်သမျှကို စီးပွားပျက်အောင် လုပ်ကြရန် ပြည်ထဲရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်စိုးထွဋ်က အမိန့်ပေး ညွှန်ကြားခဲ့သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ အသံတိတ် သပိတ် တားဆီးရေး အထူးအစည်းအဝေးတွင် စိုးထွဋ်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး အသံဖိုင်များကို ရန်ကုန်ခေတ်သစ်က ရရှိထားသည်။

ယင်းအစည်းအဝေးတွင် မင်းအောင်လှိုင်သည် ပြည်သူများအားလုံး ပါဝင်သော အသံတိတ် သပိတ်များကို အကြီး အကျယ်ကြောက်လန့်၍ မဖြစ်မနေ တားဆီးရန် ညွှန်ကြားချက်ပေးခဲ့မှုကို စိုးထွဋ်က ထုတ်ဖော်ပြောဆိုခဲ့ပြီး အစည်းအဝေး အသံဖိုင်ကို ပြည်သူများ သိရှိနိုင်ရန် မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့အသံတိတ် သပိတ် တားဆီးရေး အစည်းအဝေးတွင် စိုးထွဋ်က စစ်တပ်ကို နားရွက်တံတွေးစွတ်သူများကို ပြတ်ပြတ်သားသား အရေးယူရန် ရဲတပ်ဖွဲ့၊ ထွေအုပ် အပါအဝင် ဝန်ကြီးဌာနများကို စစ်ကောင်စီအနေဖြင့် ညွှန်ကြားကြောင်း၊ “ကြီးသော အမှု ငယ်စေ ၊ ငယ်သော အမှု ပပျောက်စေ” ဆိုသော ဆိုရိုးစကားကို အုပ်ချုပ်ရေးယန္တရားအနေဖြင့် လိုက်နာရန် မလိုကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

“ငါတို့ရဲ့လုပ်ဆောင်မှုကို ပျက်ရယ်ပြုတာ မလေးမစား လုပ်တာဒါကို လက်ခံလို့မရဘူး။ ဒါကိုလက်ခံရင် ဥပဒေကြောင်းအရ အရေးယူရမှာဖြစ်ပါတယ်။ အရေးယူတဲ့အခါမှာ ပြတ်ပြတ်သားသားဆောင် ရွက်ကြဖို့ ဖြစ်ပါတယ်။ ခုနက ပြောသလို ပေါ့။ အကြံပြုချက်ထဲမှာပါတယ်။ သာမန်လောက်ဆိုင်လေး ပိတ်ပြီး မန် နေဂျာက လုပ်တာဆိုပြီး လုပ်လို့မရဘူး။ ဘယ်သူပိုင်ရှင်လဲ ပိုင်ရှင်ပါ ထိထိရောက်ရောက် အရေးယူရမယ်။ အရေးယူတဲ့အခါ ပြတ်ပြတ်သားသား အရေးယူရမယ်။ ကြီးသောအမှုကို ငယ်စေ ငယ်သောအမှုကို ပပျောက် စေဆိုတာက ဒါက ဒါနဲ့ မဆိုင်ဘူး။ အဲဒါကို မင်းတို့ နားလည်ဖို့လိုတယ်။ မင်းတို့ အမှုဖွင့်တာတွေ အရေးယူတာတွေနဲ့ပတ်သက်ရင် ထိထိရောက်ရောက် လုပ်ပါ။ ချက်ချင်းအရေးယူ။ ချက်ချင်း ပိတ်ပစ်လိုက်။ စီးပွားပျက်သွားအောင် လုပ်ပစ်လိုက်။ အဲဒီလို အထိ လုပ်မှ ရမယ်။ ငါတို့ ပြောရမယ်ဆိုရင် ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင် နားရွက်ကို တံတွေးလာစွတ်နေတာ ဒါ လက်ခံလို့မရဘူး။

လုပ်ပိုင်ခွင့်နှင့် ဥပဒေများကို အသုံးပြု၍ ဖိနှိပ်မှုများ ဆောင်ရွက်ကြရန်လည်း စိုးထွဋ်က ပြောဆိုသွားသည်။

“တို့တွေ လုပ်ဆောင်ချက်ကို ပျက်ပြားသွားအောင် မထီမဲ့မြင်ပြုလုပ်တာ။ ဒါကို ဒီအတိုင်း ကြည့်နေလို့မရဘူး။ ငါတို့ဆီမှာ ဥပဒေတွေ နည်းဥပဒေတွရှိတယ်။ ဒါတွေကို အသုံးပြုပြီးတော့ လုပ်ပိုင်ခွင့် အသုံးပြုပြီးတော့ အစိုးရယန္တရား လည်ပတ်အောင် အနှောင့်အယှက်မဖြစ်အောင် လုပ်ဖို့လိုတယ်။ အလေးထားပြီး လိုက်နာဆောင်ရွက်ပါ။ အပေါ်ယံ မလုပ်ပါနဲ့။ ထွေအုပ်က Focal လုပ်ပြီး တင်ပြပါ။ ငါတို့ကလည်း ငါတို့နဲ့ပြီးမှာမဟုတ်ဘူး ။ အကြီးအကဲကို ဘယ်ပြည်နယ်နဲ့ တိုင်းက ဘယ်လိုလုပ်နေပါတယ်ဆိုတာ တင်ပြသွားရမှာပါ။ ဒီအပေါ်မှာ အကြီးအကဲက ဒါကို ဒီလိုလုပ်ဆိုပြီး ညွှန်ကြားချက်တွေ ပေးမှာပဲ။ သူက ပေးမှာပဲ။ ဒီအပေါ်မှာ တို့အားလုံး ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ အလေးထားပြီး လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု စိုးထွဋ်က ပြောဆိုသည်။

(အထူးအစည်းအဝေးတွင် ပြောဆိုခဲ့သော အကြမ်းဖက် စစ်ကောင်စီ၏ ပြည် ထဲရေး ဝန်ကြီး စိုးထွဋ်၏ အသံဖိုင် အပြည့် အစုံကို ရန်ကုန်ခေတ်သစ်က ဆက် လက် တင်ဆက်ပါမည်)

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် စိုးထွဋ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article