မကွေးမြို့နယ်၊ နံကပ်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်နေအိမ်များကို စစ်သားနှင့်ရဲများက ခရိုင် စီမံ ဥက္ကဋ္ဌ နှုတ်မိန့်ဖြင့် ဝင်ရောက် ဖျက်ဆီး
ရန်ကုန်၊ သြဂုတ် ၃
မကွေးတိုင်း၊ မကွေးမြို့နယ်၊ နံကပ်ကျေးရွာအုပ်စုရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်သားနှင့် ရဲများက ခရိုင် စီမံ ဥက္ကဋ္ဌ နှုတ်မိန့်ဖြင့် ဝင်ရောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မကွေးမြို့နယ်၊ နံကပ်ကျေးရွာအုပ်စုရှိ နေအိမ်များကို ပုံစံ ၇ အမည်ပေါက် လွဲမှားသည်ဟု ဆိုကာ နေအိမ် ၆ လုံး၊တိုက် ၁ လုံး၊ ပေ ၆၀x၃၀ ကြက်ခြံ ၁ ခြံ ၊ အုတ်တံတိုင်း ခြံ ၃ ခြံကို မကွေးခရိုင်စီမံ ဥက္ကဌ မောင်ထူး၏ နှုတ်မိန့်ဖြင့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့၊ စစ်သားများနှင့် ရဲများက အင်အားလုံခြုံရေးပေး၍ စက်ယန္တာရားများအသုံးပြုကာ ဖျက်ဆီးသွားပြီး ကာလတန်ကြေး သိန်း ၂၀၀၀ ခန့်ဆုံးရှုံး နစ်နာခဲ့ကြောင်း သိရသည်။
” မကွေးခရိုင်စီမံ ဥက္ကဌ မောင်ထူးရဲ့ နှုတ်မိန့်နဲ့ ဘာစာရွက်စာတမ်းမှ မပါဘဲ အတင်းဖျက်ဆီးသွားတာ နံကပ်ကျေးရွာအုပ်စုမှာရှိတဲ့ မြေနေရာက ပုံစံ ၇ အမည်ပေါက် လွဲမှားနေတယ်ဆိုပြီး အဲမြေနေရာပေါ်မှ တည်ဆောက်ထားတဲ့ နေအိမ် အဆောက်အဦးတွေ အကုန်လုံးကို ဝင်ရောက် ဖျက်ဆီးသွားတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။