မြိတ်မြို့တွင် မူးယစ်ဆေးဝါး အသုံးပြုနိုင်သည့် မာကျူရီ KTV ကို ဝင်ဖမ်းရာ စစ်အရာရှိ များ နှင့် ခရိုနီများ အပါအဝင် လူ ၅၀ ကျော် ဖမ်းမိ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး များကို ခြွင်းချက်မရှိ ပြန်လွှတ်ပြီး ခရိုနီများကိုမူ ငွေညှစ်၍ ပြန် လွှတ်ပေး
ရန်ကုန်၊ ဩဂုတ် ၇
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် မူးယစ်ဆေးဝါးအသုံးပြုနိုင်သည့် မာကျူရိ KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးရာ စစ်အရာရှိများနှင့် ခရိုနီများ အပါအဝင် လူ ၅၀ ကျော်ကို ဖမ်းမိသော်လည်း စစ်အရာရှိများကို အချင်းချင်းဖြစ်နေ၍ ပြန်လွှတ်ပေးလိုက်ပြီး ခရိုနီများကို ငွေညှစ်တောင်းခံပြီးမှ ပြန် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ဇူလိုင်လဒုတိယအပတ်အတွင်း စစ်တပ်နှင့်နီးစပ်သော ငွေကြေးချမ်းသာသူများ ပိုင်ဆိုင်သော မြိတ်မြို့ စပါးရွှေဝါလမ်းမကြီးရှိ မာကျူရီ KTV(မာကျူရီ ဟိုင်း ခန်း) ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးပြီး ကာမပျော်ပါးနေသော ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ တိုင်းရုံး စစ်တိုင်းမှူး၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး ထက်မြက်နိုင်၊ ဗိုလ်မှူးဟောင်း ခိုင်ဉီး၊ အခြားဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး ၊ မြိတ်မြို့သူဌေး ဝေလင်း ၏ ဝင်းနိုင်နှင့် အပေါင်း အသင်း များ အပါအဝင် လူ ၅၀ ကျော်ကို ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။
” မာကျူရီ KTV ဟိုင်းခန်းကို ရဲမှူးခင်မောင်ဆွေ ဉီးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့ ရဲအုပ် ထွန်းထွန်းနိုင်အဖွဲ့ ၊ ရဲသတင်းပေးတွေ၊ ရေပုန်းနယ်မြေအုပ်ချုပ်ရေးမှူး အဖွဲ့၊ ရေပုန်းနယ်မြေပြည်သူ့စစ်(ပျူစောထီး) နှင့် စစ်တပ်အထူးအဖွဲ့တွေက ဝင်ဖမ်းတာ။ မူးယစ်ဆေးဝါး E ၆၇ လုံး၊ K ၁၀၀ ထုပ်ကို ဖမ်းမိတယ်ဆိုပြီး သတင်းထုတ်တယ်။ အမှန်က ဒီထက်ပိုများတယ်။ ဖမ်းဆီးရမိတဲ့သူတွေက စစ်အရာရှိတွေ၊ ခရိုနီတွေကို ပြန်လွှတ်ပေးတယ်။ မန်နေဂျာကိုတော့ အယောင် ပြ ဖမ်းထားတယ်” ဟု ရဲဘက်သတင်းရင်းမြစ်က ပြောသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိခဲ့သော မာကျူရီ KTV သည် ယာယီခေတ္တမျှ ပိတ်ထားခဲ့ပြီး ယခု ဩဂုတ်လ ဆန်းပိုင်းတွင် ပြန်လည် ဖွင့်လှစ်နေပြီဖြစ် ကြောင်း၊ အမှုမှာမူ ငွေကြေးသုံး ဖြေရှင်းသည့် အခြေအနေဖြစ်ကြောင်း၊ မာကျူရီ KTV ကို မြိတ်မြို့ စီးပွားရေး သမားတစ်ဦးဖြစ်သည့် ရွှေခြင်္သေ့မင်း လျှပ် စစ် ပစ္စည်းဆိုင်ပိုင်ရှင်၊ ထိုင်းနိုင်ငံသားတစ်ဦးနှင့် စစ်ဘက်အရာရှိတို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
မြိတ်မြို့ရှိ KTV ခေါ် မူးယစ်ဆေးဝါးဟိုင်းခန်း အများအပြား ပေါ်ပေါက်နေပြီး ယင်းKTV များကို စစ်တပ်နှင့် ဆက် နွယ် နေသော စီးပွားရေးသမားများက ပိုင်ဆိုင်ကြကာ ပုံမှန်အားဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိကြောင်း၊ အဝေ မတည့်၍ သာ မာကျူရီ KTV ကို ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသ သတင်းရင်းမြစ်များက သုံးသပ်ပြောဆိုကြသည်။