ရန်ကုန်၊ ဇွန် ၁၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အရာရှိ ၂ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကာ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့အနီးရှိ စစ်ပြဲရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲများသည် တနေကုန် ပြင်းထန်ခဲ့ပြီး ထားဝယ်ဘက်မှ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အရာရှိ ၂ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကာ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်း တချို့ကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်ထိ စစ်ပြဲရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားပြီး အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၁ လုံးတွင်လည်း စစ်သားအလောင်းများထည့်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းတစ်ခုလုံးကို အထိနာခဲ့သောကြောင့် ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် စစ်တပ်က စစ်ပြဲရွာအနီး တောတောင်များရှိရာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက လောင်းလုံးမြို့ပေါ်ကို ဆုတ်မသွားသေးဘူး။ တောထဲမှာပဲရှိသေးတယ်။ ၁၄ ရက်နေ့ တိုက်ပွဲမှာ စစ်ခွေး ၁၀ ကောင် ထက်မနည်း သေဆုံးပြီး အရာရှိ ၂ ကောင် အပါအဝင် ထိခိုက်ဒဏ်ရာရရှိရတာ တော်တော်များတယ်။ စစ်ခွေးအလောင်းတွေနဲ့ လက်နက်ခဲယမ်း တချို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိတယ်။ ဖြစ်စဉ် အပြည့်အစုံကိုတော့ မကြခင် ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်ခွာလာကာပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူလုယက်ကာ စစ်ပြဲရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




