24 C
Yangon

PDF ၆ လပြည့်ချိန်တွင် လက်နက်ခဲယမ်းမီးကျောက် အနည်းဆုံး လိုအပ်ချက်ကို မကြာခင် ဖြည့်ဆည်းနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး အသိပေး

Must read

ရန်ကုန်၊ မတ် ၁၄

PDF ၆ လပြည့်ချိန်တွင် လက်နက်ခဲယမ်းမီးကျောက် အနည်းဆုံး လိုအပ်ချက်ကို မကြာခင် ဖြည့်ဆည်းနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ခုခံတွန်းလှန်စစ် (၆)လပြည့်အစီရင်ခံစာ အသိပေးပြောဆိုလိုက်သည်။

လက်ရှိတွင် NUG က အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့ပြီး ငွေ ၈၅ ရာခိုင်နှုန်းကို လက်နက်အတွက် အသုံးပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

“အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ပြီး၊ ဒီရန်ပုံငွေအားလုံးရဲ့ (၈၅) ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနှင့် ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တာ ဖြစ်တယ်။ ခုခံတွန်းလှန်စစ်မှာ အတူလက်တွဲဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ မဟာမိတ်များ လက်နက်ခဲယမ်းမီးကျောက်ဖြည့်တင်းနိုင်ဖို့နဲ အခြားလိုအပ်တဲ့ အသုံစရိတ်များအတွက် ဒီ ရန်ပုံငွေရဲ့ (၇)ရာခိုင်နှုန်းကို မျှဝေသုံးစွဲခဲ့တာလည်း ရှိတယ်။ ကျွန်တော်တို့ ရှာဖွေရရှိထားတဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းများကို အရင်းတည်ကာ ဗျူဟာမြောက် အလုပ်လုပ်ကြပြီး အရေးကြီးတဲ့ အောင်ပွဲတွေကို ရယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်တယ်” ဟု ဦးရည်မွန်က ဆိုသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောဆိုသော အချက် ၁၆ ချက်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။

=============================

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ပြည်သူသို့ အစီရင်ခံစာ ၁၆ ချက်
———————————————————–

၁ ။ အခုဆိုရင် (၂၀၂၁) ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ကနေ နစတင်ဆင်နွှဲခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ၆ လ တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၂။ ဒီအချိန်မှာ ပထမဆုံး ဂုဏ်ပြုရမယ့်သူက စစ်အာဏာရှင်စနစ်န အမြစ်ဖြတ်ရေး ပြတ်သားတဲ့ သန္နိဌာန်နဲ့ ရွတ်ရွတ်ချွံချွ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပြည်သူ့ တော်လှန်ရေးရဲဘော်များပဲ ဖြစ်တယ်။ ဒုတိယဂုဏ်ပြုမည့် သူကတော့ စစ်အာဏာရှင်စနစ်အောက် ခေါင်းမငုံ့စတမ်း၊ လည်စင်းမခံစတမ်း PDF ရဲဘော်များနဲ့အတူ ကြံ့ကြံ့ခံ ရပ်တည်ပြီး အားပေးထောက်ခံကူညီကြရုံသာမက ကိုယ်တိုင်လည်း သပိတ်တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူလူထူကြီး တစ်ရပ်လုံးကိုပဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးတွင်း အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေ၊ ခြေလက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ သူရဲကောင်းတွေ၊ အကြမ်းဖက် စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေထဲ ရောက်နေရတဲ့ ရဲဘော်ရဲဘက်တွေ အားလုံးကို ဒီနေရာကနေ လေးနက်စွာ ဦးညွှတ်အလေးပြုလိုက်ပါတယ်။

၃ ။ ဒီအချိန်မှာ ကျွန်တော်တို့ အားလုံးဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ (၆)လတာ အတွေ့အကြုံကို ပြည်လည် သုံးသပ်ပြီး အာသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကာ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးအတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ချမှတ်သွားကြဖို့ပဲ ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ ကျင့်သုံးတဲ့ မဟာဗျူဟာက”ပြည်သူ့စစ်မဟာဗျူဟာ”ပဲ ဖြစ်တယ်။ “ပြည်သူ့စစ် မဟာဗျူဟာ”ဆိုတာကတော့ အကြမ်းဖက်အဓ္ဓမဝါဒီစစ်အုပ်စုကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုအားလုံးရဲ့ ထောက်ခံပါဝင်မှုနဲ့အတူ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း၊ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်း၊ လူထုတိုက်ပွဲနည်းလမ်းစသဖြင့် နည်းလမ်းပေါင်းစုံ၊ ပုံစံပေါင်းစုံကို အသုံးပြပြီး တွန်းလှန်ဖြိုဖျက် တိုက်ခိုက်တဲ့ မဟာဗျူဟာဖြစ်တယ်။

၄။ စစ်ရေးနည်းလမ်းကို အသုံးပြုတဲ့အခါ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်မဲ့အခြေအနေက စခဲ့ကြရတယ်။ စစ်ကောင်စီက ပြည်သူလူထုအပေါ်အကြမ်းဖက် ကျွန်ပြုမှုကို ခုခံတိုက်ဖျက်ရာမှာ “လက်နက်ကိုင်တော်လှန်ရေးနည်းလမ်း”ကို ရွေးချယ်ဖို့ အခြေအနေအရပ်ရပ်က တောင်းဆိုဖန်တီးလာတာ ဖြစ်တယ်။ တိုင်းပြည်နဲ့ လူထုကို အကြမ်းဖက် ဓားမိုးအုပ်ချုပ်လိုတဲ့ ဒီစစ်မိစ္ဆာဝါဒီတွေကို ပြည်သူတွေ လူငယ်တွေအနေနဲ့လည်း ဓားကိုင်ပြီး ပြန်လည်တွန်းလှန်ကြဖို့က သမိုင်းပေးတာဝန်ဖြစ်လာတာပါပဲ။ လက်နက်ကိုင်ကြတာချင်းတူပေမယ့် အကြမ်းဖက်စစ်အုပ်စုနဲ့ ကျွန်တော်တို့ကြား ဦးတည်ရည်ရွယ်ချက်ချင်းက အဖြူနဲ့ အမည်းလို၊ မိုးနဲ့ မြေလို ကွာခြားပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ တိုင်းပြည်နဲ့ လူထုကို ချစ်လို့ ၊ ကူညီစောင့်ရှောက်ချင်လို့၊ ပြည်သူ့အသက် အိုးအိမ်ကို ကာကွယ်ချင်လို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု”အဖြစ် တည်ဆောက်ချင်လို့ လက်နက်စွဲကိုင်ရခြင်းဖြစ်တယ်။ ဒီလို အခြေအနေကြောင့် ရဲဘော်တို့ အားလုံးဟာ အခက်အခဲများစွာထဲကနေ လက်လှမ်းမီရာ စစ်ပညာကို လေ့လာသင်ယူခဲ့ကြရတယ်။ ကိုယ့်လက်နက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားဖန်တီးထုတ်လုပ်ခဲ့ကြရတယ်။ ပြည်သူ့ ခုခံတွန်းလှန်စစ်ကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ အချိန်ကျရောက်တဲ့အခါမှာလည်း ရရာလက်နက်ကိုင်စွဲပြီး အုံကြွတော်လှန်ခဲ့ကြတယ်။

၅။ ပြည်သူများရဲ့ တော်လှန်ရေးအပေါ် ရပ်တည်ထောက်ခံမှု၊ တော်လှန်ရေးသမား လူငယ်များရဲ့ ဉာဏ်ပညာနဲ့ သူရဲသတ္တိဟာ ဒီတော်လှန်ရေးမှာ ကိုယ့်ဖက်က အားသာချက်တွေလို့ ဆိုရမယ်။ အခြေအနေ အရပ်ရပ်ကြောင့် အချိန်တိုအတွင်း ဒုန်းစိုင်းဆိုသလို စုဖွဲ့ပြင်ဆင် ဆောင်ရွက်ခဲ့ကြရပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ်သားတွေဟာ လက်ရုံးရည်ရော နှလုံးရည်အရောမှာပါ အကြမ်းဖက်စစ်အုပ်စုထက် အဖက်ဖက်က သာလွန်တယ်ဆိုတာကို လွန်ခဲ့တဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုတွေကို ကြည့်ရင် ထင်ထင်ရှားရှားတွေ့နိုင်တယ်။

၆ ။ ကျွန်တော်တို့ အခု ဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၆)လတာ ကာလကို တော်လှန်ရေးရဲ ကနဦးအဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့်မှာ PDF ရဲဘော်တွေဟာ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်။ ရန်သူ့ အင်အားကို နေ့စဉ်နဲ့ အမျှ ထိခိုက်၊ ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်. အခုဆိုရင် ကျွန်တော်တို့ PDF တွေဟာ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါပြီ။ PDF စိုးမိုးနယ်မြေတွေကို အခြေပြုပြီး ကြားကာလပြည်သူ့ အုပ်ချုပ်ရေးအာဏာကိုလည်း စတင် တည်ထောင်နိုင်ခဲ့ပြီ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့အပါအဝင် တစ်နိုင်ငံလုံးက မြို့ကြီး မြို့နယ်တွေမှာလည်း မြို့ပြ ပျောက်ကြားစစ်ကို ထိထိရောက်ရောက်ဆောင်ရွက်နေကြပါပြီ။ ခြုံကြည့်ရင် ပြည့်သူ့ခုခံ တွန်းလှန်စစ်ရဲ့ ကနဦးအဆင့်ဟာ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်များ အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်ရောက်ရှိခဲ့တယ်လို့ ပြောနိုင်တယ်။

၇။ ဒီအဆင့်မှာ ကျွန်တော်တို့ အဓိက အားနည်းချက်က ဘာဖြစ်မလဲ။ အားလုံးသိတဲ့အတိုင်း “စစ်လက်နက်ခဲယမ်းမီးကျောက်”ဟာ PDF အတွက် အဓိကအားနည်းချက်ဖြစ်တယ်။ လက်နက်တပ်ဆင်မပေးရကောင်းလားဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြစ်တင်ဝေဖန်ကြတာတွေလည်း နေ့စဉ်နဲ့အမျှကြားသိရပါတယ်။ ဒီလို စေတနာဒေါသောနဲ့ အားမလို အားမရဖြစ်ကြ၊ ဝေဖန်ထောက်ပြကြတာကိုလည်း ကောင်းကောင်းကြီး လက်ခံနားလည်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ၊ နောက်ပြီး လိုအပ်တာရဖို့ ချိတ်ဆက်ရှာဖွေရတာ၊ သယ်ယူဖြန့်ဝေ တပ်ဆင်ရတာ စသဖြင့် ဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်ချက်များစွာကို ရင်ဆိုင်၊ ကြုံတွေ့၊ ကျော်ဖြတ်ရပါတယ်. အခုအချိန်ထိ ကျွန်တော်တို့ဟာ ပြည်တွင်းပြည်ပ ကိုယ့် ပြည်သူတွေက ထောက်ပံ့လှုူဒါန်းတဲ့ ဘဏ္ဍာရန်ပုံငွေကိုသာ အရင်းတည်ပြီးတော့ပဲ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ကို တည်ထောင်နေရတာ ဖြစ်တယ်။ ဘယ်ပြည်ပနိုင်ငံကမှ ရုပ်ဝတ္တုပစ္စည်းအကူအညီမျိုး ပေးအပ်တာမရှိသေးပါဘူး။ သို့သော် PDF အတွက် လက်နက်ခဲယမ်းမီးကျောက် အနည်းဆုံး လိုအပ်ချက်ကို မကြာခင်မှာ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့တော့ ပြောချင်တယ်။

၈။ အခုဆိုရင် ကျွန်တော်တို့အနေနဲ့ မဟာမိတ်များရဲ့ အကူအညီနဲ့ စစ်လက်နက်ခဲယမ်းမီးကျောက် ပမာဏတစ်ခုကို လက်လှမ်းမီထားပြီဆိုတာ သတင်းကောင်းပါလိုတယ်။ သို့သော်၊ ဒီပမာဏဟာ PDF ရဲဘော်အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ရေးဆိုတာနဲ့တော့ အများကြီးအလှမ်းဝေးနေဆဲ ဖြစ်တယ်ဆိုတာကို ဝန်ခံရပါမယ်။ ကျွန်တော်တို့အနေနဲ့ စစ်ရေးစစ်ရာကိစ္စတွေအတွက် မြန်မာပြည်မှာ ခုခံတော်လှန်စစ်ကို နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိထားကြပြီး လက်ရှိ ခုခံတော်လှန်စစ်မှာလည်း တာဝန်ယူဦးဆောင်နေကြတဲ့ စစ်ရေးခေါင်းဆောင်ကြီးတွေနဲ့အတူ ရေးဆွဲချမှတ်ထားတဲ့ စစ်မဟာဗျူဟာ၊ စစ်ရေးစီမံချက်တွေနဲအညီ ဆောင်ရွက်နေတာ ဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ လိုသလောက် မရနိုင်သေးဘဲ အကန့်အသတ်နဲ့သာ ရှိနေသေးတဲ့ စစ်လက်နက်ခဲယမ်းတွေကို စစ်မဟာဗျူဟာ စီမံချက်တွေအရ အရေးပါတဲ့ နယ်မြေဒေသတွေကို အဆင့်ဆင့် ပိုင်းခြားသတ်မှတ်ပြီး ဦးစားပေး အစီအစဉ်အတိုင်း စနစ်တကျ ဖြန့်ဝေ တပ်မဆင်မှုတွေကို ဆက်တိုက်ဆောင်ရွက်နေပါတယ်။ လက်နက်ခဲယမ်းမီးကျောက် ရရှိရေး ပုံစံမျိုးစုံနဲ့ အကူအညီ ပေးခဲ့ကြတဲ့ မဟာမိတ်အဖွဲ့အစည်းများ ၊ ဘဏ္ဍာငွေ ထည့်ဝင်လှူဒါန်းကြတဲ့ ပြည်တွင်းပြည်ပ ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း တစ်ပါတည်း ပြောလိုပါတယ်။

၉ ။ ဒီနေရာမှာ မြေပြင်ရဲဘော်များကို တစ်ခါတည်း တိုက်တွန်းလိုတာက လက်နက်ခဲယမ်းအင်အားမပြည့်စုံသေးတဲ့ ဒေသတွေက ရဲဘော်များအနေနဲ့ မလိုအပ်ဘဲ ကိုယ့်ရဲ့ အင်အားကို အပွန်းအပဲ့ မဖြစ်ရလေအောင် သတိကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ စစ်ရေးလှုပ်ရှားမှုကို ဆောက်ရွက်ကြဖို့ ဖြစ်တယ်။ PDF ရဲဘော်တို့ဟာ စစ်မိစ္ဆာတွေကို ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ ဉာဏ််နဲ့ ချင့်ချိန်ဆောင်ရွက်ဖို့ လိုပါမယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ ရုပ်တတ္ထုပစ္စည်းအရ စတ်စုံတစ်ရာ အင်အားရှိနေသေးတဲ့အပြင် လူသားဆန်ခြင်းအလျဉ်းမရှိ၊ လူစိတ်ပျောက်နေတဲ့ အရိုင်းအစိုင်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မိမိရန်သူကို လိုတာထက်ပိုပြီး အထင်မကြီးသင့်သလို အထင်မသေးမိဖို့လည်း လိုပါမယ်။

၁၀ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ပြည်တွင်းပြည်ပ ပြည်သူများက ထောက်ပံ့လှူဒါန်းတဲ့ ရန်ပုံငွေ ရရှိမှုနဲ့ သုံးစွဲမှု အခြေအနေကို တစ်ပါတည်း အသိပေးလိုပါတယ်။ ဒီကနေ့အထိ ပြည်သူများရဲ့ လှူဒါန်းကူညီမှုများအရ ကျွန်တော်တို့အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ပြီး၊ ဒီရန်ပုံငွေအားလုံးရဲ့ (၈၅) ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနှင့် ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တာ ဖြစ်တယ်။ ခုခံတွန်းလှန်စစ်မှာ အတူလက်တွဲဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ မဟာမိတ်များ လက်နက်ခဲယမ်းမီးကျောက်ဖြည့်တင်းနိုင်ဖို့နဲ အခြားလိုအပ်တဲ့ အသုံစရိတ်များအတွက် ဒီ ရန်ပုံငွေရဲ့ (၇)ရာခိုင်နှုန်းကို မျှဝေသုံးစွဲခဲ့တာလည်း ရှိတယ်။ ကျွန်တော်တို့ ရှာဖွေရရှိထားတဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းများကို အရင်းတည်ကာ ဗျူဟာမြောက် အလုပ်လုပ်ကြပြီး အရေးကြီးတဲ့ အောင်ပွဲတွေကို ရယူနိုင်
လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။

၁၁ ။ ဒီနေရာမှာ ရန်သူ့ဘက်က ကျင့်သုံးလာတဲ့ ဗျူဟာအပြောင်းအလဲ အခင်းအကျင်းကိုလည်း ကျွန်တော်တို့ သတိပြုဖို့ လိုတယ်။ စစ်မြေပြင်မှာ PDF နဲ့ မဟာမိတ်များကြောင့် အဖက်ဖက်က အထိနာလာတဲ့ စစ်ကောင်စီဟာ အစွမ်းကုန်အကြမ်းဖက်စစ်ဗျူဟာကို ကျင့်သုံးလာတာ တွေ့ရမယ်။ သူတို့ရဲ့ ပစ်မှတ်က အရပ်သားပြည်သူတွေကိုပဲ။ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်တဲ့ ဗျူဟာပဲ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေအနေနဲ့ PDF ကို ထောက်ခံမှု မပြုရဲဖို့၊ PDF နဲ့ ပြည်သူကို အဆက်ဖြတ်ဖို့၊ ပြည်သူကို အကြောက်တရားသွင်းပြီး သူတို့ကို ကျိုးနွံလာအောင် လုပ်ဖို့ဆိုတာ ထင်ရှားတယ်။ သူ့ရဲ့ မြေပင်တပ်ရင်းတပ်ဖွဲ့တွေ လုံးဝ အလုပ်မဖြစ်၊ အကျအဆုံးများလာတာကို သဘောပေါက်တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ လေကြောင်းနဲ့ လက်နက်ကြီးကို တွင်တွင်ကျယ်ကျယ်သုံးလာတာ တွေ့ရမယ်. PDF တွေကိုသာ မက အရပ်သားပြည်သူတွေ၊ ကျေးရွာတွေကိုပါ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာ၊ ရုတ်တရက်လေကြောင်းက ဝင်ရောက်စီးနင်းတာ ခပ်စိတ်စိတ်လုပ်လာတယ် ။ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ အသုံးပြုနေကျဖြစ်တဲ့ အကုန်သတ်၊ အကုန်မီးရှို့၊ အကုန်ဖျက်ဆီးဆိုတဲ့ “မြေလှန်စနစ်”ကို တောက်လျှောက်ကျင့်သုံးနေတာကို တွေ့ရပါမယ်။ ရန်သူက အကြမ်းဖက်စစ်ဗျူဟာကို အသုံးပြုချိန်မှာ PDF များအနေနဲ့လည်း အရပ်သားပြည်သူတွေရော၊ ကိုယ့်အင်အားကိုပါ ထိခိုက်ဆုံးရှုံးမှု ‘အနည်းဆုံး’ဖြစ်ဖို့ သင့်လျော်တဲ့ နည်းဗျူဟာများကို ဉာဏ်ပါပါနဲ့ လိုက်လျောညီထွေကျင့်သုံးကြဖို့ အရေးကြီးပါတယ်။

၁၂ ။ တော်လှန်ရေးတစ်ခုဟာ နေ့ချင်းညချင်း အောင်မြင်ဖို့ စိတ်ကူးမယဉ်အပ်သလို ၊ တော်လှန်ရေးရေချိန်လျော့မသွားဖို့၊ တော်လှန်ရေးဇာတ်မျောမသွားဖို့အတွက်လည်း အထူးလုံ့လစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူများကလည်း တော်လှန်ရေးအတွက် တစ်လက်မမှ နောက်မဆုတ်ဘူး၊ သွေးမအေးဘူး၊ သွေးမကြောင်ဘူး၊ သွေးမကွဲဘူးဆိုတဲ့ ခိုင်မြဲတဲ့ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝိရိယနဲ့အတူ နေ့စဉ်နဲ့အမျှတော်လှန်ခရီးကို ရှေ့ဆက်ချီနေကြမယ်လို့လည်း ယုံကြည်ပါတယ်။

၁၃။ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမယ့် တော်လှန်ရေးဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ခွင့်ရခြင်းဟာ PDF ရဲဘော်များ အပါအဝင် ကျွန်တော်တို့ အားလုံးအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ တော်လှန်ရေးမအောင်မချင်း အဆုံးအထိ သွားမယ်ဆိုတဲ့ စိတ်ဒုံးဒုံးချထားနိုင်ဖို့ အရေးကြီးပါတယ်။ တစ်ဦးချင်းရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်ခိုင်မာမှု အထူးလိုအပ်ပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက်စစ်အုပ်စုက လောလောဆယ် ရုပ်ဝတ္ထုအင်အား(Material Resources) အရ ကျွန်တော်တို့ထက် သာလွန်တယ်ဆိုပေမယ်ံ ကျွန်တော်တို့ PDF ရဲဘော်တွေ၊ ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့ ဉာဏ်ပညာကို မုချဒူးထောက်အရှုံးပေးရမှာ ဖြစ်ပါတယ်။

၁၄ ။ PDF ဟာ ဒီနေ့ ပြည်သူများရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အဓိက မောင်နှင်အားလည်း ဖြစ်ပါတယ်။ ဒါကြောင့် PDF ရဲဘော်များအနေနဲ့ ပြည်သူ အကြည်ညိုပျက်စေမယ့်၊ ပြည်သူနဲ့ ဆန့်ကျင်တဲ့ အပြုအမူ၊ အပြောအဆိုများကို လုံးဝ သတိပြုဆင်ခြင်ကြဖို့ တိုက်တွန်းလိုပါတယ်။ “ ပြည်သူနဲ့ ပျောက်ကြား၊ ရေနဲ့ ငါး”ဖြစ်တယ်။ ရေမရှိဘဲ ငါးဟာ အသက်ရှင် နေထိုင်လို့ မဖြစ်နိုင်ဘူး။ ပြည်သူ့ထောက်ခံကူညီမှုမရှိဘဲ PDF ဟာ မရပ်တည်နိုင်ဘူးလို့ လေးလေးနက်နက် သတိချပ်ကြဖို့ မှာကြားလိုတယ်။

၁၅ ။ ယခု ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအဖြတ်ကျ၊ အရေးပါတဲ့ နှစ်ဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက်နေ လွတ်လပ်ရေးရချိန်က စတွက်မယ်ဆိုရင် ၇၅ နှစ်ကျော်အချိန်အတွင်းမှာ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံကြိုက်ရရှိလာတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” တည်ဆောက်ရေအခွင့်အရေးကောင်းကြီးဟာ ကျွန်တော်တို့သာ ဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုရင် လက်တစ်ကမ်းမှာ ရှိနေပြီ ဖြစ်တယ်။

၁၆ ။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး အဖက်ဖက်က အထိနာနေတဲ့ အကြမ်း ဖက်စစ်ကောင်စီကို အသက်ရှူပေါက်မပေးဘဲ ပုံစံမျိုးစုံနဲ့ တရစပ်ဖိအားပေးတိုက်ခိုက်နိုင်ကြဖို့ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ “သွေးစည်းညီညွတ်စုစည်းမှု”ဟာ အထူးအရေးကြီးတဲ့အတွက် PDF အလံတော်အောက်မှာ အားလုံးစုရုံးကြဖို့လည်း နှိုးဆော်ချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေး အလျင်အမြန်အောင်မြင်ရေးအတွက်ဆို “ဘဏ္ဍာရန်ပုံငွေ”ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကိုလည်း ပြည်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်. ပြည်သူ့တော်လှန်ရေး ရဲဘော်တွေ အဓိက လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းတွေကို ဒီထက်ပိုပြီး ရရှိတပ်ဆင်နိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ ပြည်သူများ လုပ်ငန်းရှင်များ၊ ငွေကြေးဓနတတ်စွမ်းနိုင်သူများအနေနဲ့လည်း ဆထက် ထမ်းပိုးတိုးပြီး ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article