KNU-တပ်မဟာ ၃ နယ်မြေ၌ ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ တပ်ခွဲမှူး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား ၁၆၆ ဦးသေဆုံး၊ စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၁
ကေအဲန်ယူ−ခလယ်လွီထူခရိုင်၊ တပ်မဟာ ၃ အုပ်ချုပ်နယ်မြေ၌ ဇူလိုင်အတွင်း အကြမ်းဖက်စစ်တပ်မှ တပ်ခွဲမှူး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်တစ်ဦးအပါအဝင် ၁၆၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၁ ရက် ၃၁ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေအတွင်း၌ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၉၆ ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ တပ်ခွဲမှူး ၁ ဦး၊ ဗိုလ်မှူး၁ ဦးနှင့် ဗိုလ် ၁ ဦး အပါအဝင် ၁၆၆ ဦး သေဆုံး ကာ ဒုတပ်ရင်းမှူး ၁ ဦး အပါ အဝင် ၁၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ K.N.L.A တပ်မှ ရဲဘော် ၂ ဦး ကျဆုံး ကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲများ အတွင်း ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ နင်း မိုင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA1 -၃ လက်၊ MA2 – ၃ လက်၊ MA2 ကျည် ဝိုင်း-၁ ခု၊ ကျည်ဘောက် အရှည်-၂ ခု၊ ကျည်ဆံ- ၆၄ တောင့်၊ Ma5 -၁ လက်၊ MA5 ကျည်ဘောက်-၁ ခု နှင့် ကျည်ဆံ-၁၀ တောင့်၊ MA ကျည်ဘောက်-၁၁ ခု နှင့် ကျည်ဆံ- ၄၉၆၀ တောင့်၊ M79 – ၃၀ လုံး၊ G3-၁ လက် နှင့် ကျည်ဆံ – ၂၀၀တောင့်၊ G4- ၁ လက်နှင့် ကျည်ဘောက်- ၄ ခု၊ ကျည်ဆံ- ၅၀တောင့်၊ AK-၁ လက်၊ ကျည်ဘောက်- ၃ ခု နှင့် ကျည်ဆံ- ၁၅၀ တောင့်၊ RPG7- ၁ လုံး၊ နတိုးပြောင်း- ၁ ချောင်း၊ အူဇီ-၁ လက်၊ ကျည်ဘောက် – ၁ ခုနှင့် ကျည်ဆံ – ၉ တောင့်၊ ဖုန်း- ၁ လုံး၊ ကျောပိုးအိတ် – ၁ လုံး၊ 60 mm-၁ လုံး ၊ Solar-၅ ချပ် နှင့် တဲ – ၃ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ တပ်ရင်းတပ်ဖွဲ့များမှာ ခလရ – ၆၀၊ ခလရ -၂၆၄၊ ခမရ -၂၀၊ ခမရ- ၃၀၇၊ ခမရ- ၃၅၀၊ ခမရ – ၃၅၁၊ ခမရ -၂၂၁၊ ခမရ – ၄၃၉ ခမရ – ၆၀၃၊ ခမရ – ၃၁၀၊ တပ်မ- ၇၇၊ ပျူစောထီး၊ ရဲတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေးတပ်နှင့် စစ်တောင်းအမြောက် စစ်ကူတပ်ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်များမှာ တပ်မဟာ-၃၊ တပ်ရင်း – ၇၊ တပ်ရင်း- ၈၊ တပ်ရင်း- ၉၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း- ၃ နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်။
ဇူလိုင်လတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြသော တံတား ၂ စင်းကို ချိုးဖျက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အများပြည်သူ အသုံးပြုသွားလာနေသော လမ်း ၃ လမ်းကို ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ကာ လေကြောင်းမှ Mi 35 ဖြင့် တိုက်ခိုက်မှု ၁၂ ကြိမ်၊ Drone ဖြင့် တိုက်ခိုက်မှု ၁ ကြိမ်ရှိခဲ့သည်ဟုဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေထိုင်ကျေးရွာများနှင့် လက်လှမ်းမီရာနေရာများကို လက်နက် များဖြင့် ပစ်ခတ်ခဲ့ရာ ၂၉၉ လုံးရှိပြီး အသက် ၁၈ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသား ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦးဒဏ်ရာရရှိကာ ပြည်သူ့နေအိမ် ၁၇ လုံးပျက်စီးခဲ့ကြောင်း၊ ထို့အပြင် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်တပ်မှ ကျေးရွာများအတွင်း ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့ နေအိမ် ၄၄ လုံး၊ လယ်ထွန်စက် ၁ စီး၊ ဆိုင်ကယ် ၆ စီး၊ စပါးကျည် ၁၆ လုံး၊ ထင်းဂိုဒေါင် ၂၃ ပုံ၊ မီးစက် ၁ လုံး တို့ ပြာကျခဲ့ ပြီး ပြည်သူ့ပိုက်ဆံ ၂ သိန်း ၅ သောင်းကျပ်၊ ဆိုင်ကယ် ၁ စီးနှင့် ဖုန်း၁ လုံးတို့ကို အတင်းအဓမ္မသိမ်း ယူ သွားကြောင်း၊ ထို့အပြင် အပြစ်မဲ့ပြည်သူ ၂၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ပြီး ၂ ဦး နှိပ်စက် သတ် ဖြတ်ကာ ၃ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။