27 C
Yangon

ဒီမိုကရေစီဖျက်ဆီးသူ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံကို SIF က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချ

Must read

ရန်ကုန်၊ မေ ၃၁

ဒီမိုကရေစီဖျက်ဆီးသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ခေါ်ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံကို အဖွဲ့အစည်း ၂၀ ဖြင့် ဖွဲ့စည်းထားသည့် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယနေ့မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အိန္ဒိယအစိုးရအနေဖြင့် မိမိနိုင်ငံတွင်း၌ ဒီမိုကရေစီကို ဖျက်ဆီးသူအား ဧည့်ခံကြိုဆိုပြီး နိုင်ငံတကာတွင် ဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်၍မရနိုင်ကြောင်း SIF က ထောက်ပြသည်။ ယင်းလုပ်ရပ်သည် သံတမန်ရေးရာ ကျင့်ထုံးလုပ်ထုံးတစ်ခု မဟုတ်ဘဲ မြန်မာနိုင်ငံရှိ စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းရန် ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) ၏ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်စွဲပါ သတင်းထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်အား “မြန်မာနိုင်ငံတော်၏ သမ္မတ” ဟု သုံးနှုန်းဖော်ပြခဲ့ခြင်းအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း SIF က ပြောဆိုသည်။ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း မဟုတ်သဖြင့် သမ္မတမဟုတ်သလို ပြည်သူက ပေးအပ်ထားသည့် မဲဆန္ဒရှင်လုပ်ပိုင်ခွင့် (Electoral Mandate) လည်း လုံးဝမရှိကြောင်း ထောက်ပြထားသည်။

“သမ္မတရာထူး” အတုအယောင်ကို ဖန်တီးရန်အတွက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အဆင့် ၃ ဆင့်ပါ ရွေးကောက်ပွဲကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း SIF က ရှင်းလင်းထားသည်။

ထိုသို့ လုပ်ဆောင်စဉ်က NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄ဝ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လူထုမဲ ၇၂ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့သည့် ပါတီများအားလုံးကို ချန်လှပ်ဖယ်ရှားခဲ့သည်။ မဲပေးချိန်အတွင်း အရှေ့တောင်အာရှတွင် အမြင့်ဆုံးပမာဏဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ၂၃,ဝဝဝ နီးပါးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ခန့်မှန်းခြေ မဲဆန္ဒရှင် ၁၀.၅ သန်းခန့်မှာ စနစ်တကျ ချန်လှပ်ခြင်းခံခဲ့ရကြောင်း ဆက်လက်ထောက်ပြထားသည်။

စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်သည် တရုတ်နိုင်ငံနှင့် လမ်းခွဲလိုသည့်ဆန္ဒကို ပြသနေသည်ဟူသော လူပြောများသည့်အယူအဆမှာ မှားယွင်းကြောင်း SIF က အသိပေးသည်။ စစ်ကောင်စီသည် တရုတ်အစိုးရကြောင့်သာ အသက်ဆက်နေရခြင်းဖြစ်ပြီး၊ အိန္ဒိယအနေဖြင့် လွှမ်းမိုးချုပ်ကိုင်မှုမရှိသော ဆက်ဆံရေးမျိုးကို ကမ်းလှမ်းနေ သည်ဟူသော ပြောဆိုချက်များသည် မြေပြင်ရှိတရားများနှင့် ကိုက်ညီမှုမရှိကြောင်း ဆိုသည်။

တရုတ်အစိုးရနှင့် လမ်းခွဲနေသည့်သဘောမဟုတ်ဘဲ ဆရာလုပ်သူက ၎င်း၏လက်ဝေခံကို လိုသလို ကိုင်တွယ်မောင်းနှင်နေခြင်းသာဖြစ်ပြီး၊ နယူးဒေလီသို့ တစ်ခေါက်သွားရုံမျှဖြင့် ယင်းအခြေအနေများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရအနေဖြင့် စစ်ကောင်စီတွင် မြေပြင်၌ လုံးဝမရှိတော့သည့် မဟာဗျူဟာမြောက် အရေးပါမှုပုံရိပ်ကို ဟန်ပြဖန်တီးပေးရန် တောင်းဆိုခံနေရခြင်းသာဖြစ်ပြီး၊ ဤလုပ်ရပ်ကြောင့် အိန္ဒိယ၏ ဒီမိုကရေစီအပေါ် ယုံကြည်ကိုးစားမှု ဂုဏ်သိက္ခာ ထိခိုက်နစ်နာရမည်ဖြစ်ကာ မြန်မာပြည်သူများအတွက်မူ မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ကြောင်း ပြောဆိုသည်။

ကရင်နီ၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင် နှင့် အခြားသော လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် SIF ၏ အဖွဲ့ဝင်အဖွဲ့အစည်း ၂ဝ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် အိန္ဒိယနိုင်ငံနှင့် စစ်မှန်သော မိတ်ဖက်ဆက်ဆံရေးကိုသာ လိုလားကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများ၏ မြို့ရွာများကို ဗုံးကြဲ၊ ခေါင်းဆောင်များကို ဖမ်းဆီးပြီး ၎င်းတို့၏ မြေယာများကို တရုတ်ထံ ပုံအောပေးနေသည့် စစ်တပ်ကို အရောင်ဆိုး တရားဝင်ဖြစ်အောင် လုပ်ပေးမည့် ဆက်ဆံရေးမျိုးကို လုံးဝလက်မခံကြောင်း ပြတ်ပြတ်သားသား သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article