ရန်ကုန်၊ မတ် ၁၅
အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအတွင်းသို့ လူခန္ဓာကိုယ်တခုစာ အရွယ် အလွန်ကြီးမားသည့် ဗုံး ၁ လုံး ကျဲချခဲ့ပြီး အဆိုပါ ဗုံးသည် မြေကြီးအနက် ၁၅ ပေခန့် စိုက်ဝင်ကာ မပေါက်ကွဲဘဲ ကျန်ရှိနေသည်။
ဆောင်ဒူလာကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝန်း မြေကြီးအတွင်းသို့ စိုက်ဝင်သွားသော အဆိုပါ ဗုံးကြီးကို ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့ တူးဖော်ရှင်းလင်းနေသည့် ဓါတ်ပုံများ လူမှုကွန်ရက်တွင် ယနေ့ မတ်လ ၁၅ ရက်၌ ပျံ့နှံ့လာခဲ့သည်။
“ဗုံးတွေက အရွယ်အစား အရမ်းကြီးတယ်၊ ဗုံးကျပြီးတော့ မြေကြီးထဲကို ကျွံဝင်သွားတဲ့အနက်က ၁၅ ပေလောက်ရှိတယ်။ လူနဲ့ တူးမရလို့ Backhoe (မြေတူးကား) နဲ့ တူးရတယ်” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
အရှည် ၅ ပေ ကျော်ရှိသည့် အဆိုပါ ဗုံးကြီးသည် Fuel-Air Explosive (FAE) အမျိုးအစား ဗုံးဖြစ်ကြောင်း၊ အလွန်ပေါက်ကွဲအားပြင်းထန်သည့် ဗုံးဖြစ်ကြောင်း စစ်ကောင်စီလေတပ်မှ ပြည်သူနှင့် ပူးပေါင်းလာသည့် CDM တပ်ကြပ်ကြီး ထက်နိုင်အောင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
“ဗုံးပေါက်ကွဲမှုကြောင့် အပူလှိုင်းတွေ ဖြစ်လာမယ်၊ ပေါက်ကွဲမှုကြောင့် လေဟာနယ်ဖြစ်သွားတဲ့ နေရာတွေမှာ လေထုဖိအားတွေဝင်လာမယ်၊ အဓိက ဗုံးခိုကျင်းတွေ ရှိတဲ့နေရာဆိုရင် အပူလှိုင်းက ပိုပြီးရိုက်ခတ်မှုပြင်းတယ်၊ ကိုယ်တွင်းသွေးယိုတာတွေ နား၊ နှာခေါင်းက သွေးယိုတာမျိုးတွေ ဖြစ်မယ်၊ လေဖိအားများလို့လည်း သေဆုံးနိုင်သလို ထွက်လာတဲ့ အပူလှိုင်းနဲ့လဲ သေဆုံးနိုင်ပါတယ်” ဟု တပ်ကြပ်ကြီး ထက်နိုင်အောင်က ရေးသားထားသည်။
အဆိုပါ FAE ဗုံးများသည် မီးလောင်ဗုံးအမျိုးအစားတခု ဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပြီး ပတ်ပတ်လည်ရှိ အောက်စီဂျင်ကို ကူးစက်လောင်ကျွမ်းပြီး ပြင်းထန်သည့်ပေါက်ကွဲအားဖြစ်ပေါ်စေသည်။
အဆောက်အဦးများ၊ မြေပြင်ရှိ လူများ၊ မြေအောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းရာတွင် FAE ဗုံးများကို သုံးစွဲကြကြောင်း စစ်လက်နက်နှင့်ပတ်သက်သည့် အင်တာနက်စာမျက်နှာများတွင် ဖော်ပြသည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ အင်အားအလွန်အကျွံသုံးစွဲ ထိုးစစ်ဆင်နေပြီး MLRS ဟု ခေါ်ဆိုသော ၁၂၂ မမ အမျိုးအစား ဒုံးကျည်များကို အတွဲလိုက်ပစ်ခတ်နိုင်သော စစ်သုံးမော်တော်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များက ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကရင်နီပြည်နယ်ရှိ ဘာသာရေးအဆောက်အဦး ၁၀ လုံး အပါအဝင် စာသင်ကျောင်းနှင့် နေအိမ်ပေါင်း ၇၀၀ နီးပါး မီးလောင်ပျက်စီးထားပြီဖြစ်ကြောင်း PKPF အဖွဲ့၏ စာရင်းပြုစုချက်အရ သိရှိရသည်။