ဆားလင်းကြီးတွင် စစ်တပ်၏ ရိက္ခာ တင်ဆောင်လာသော သင်္ဘောအုပ်စုကို ပစ်ခတ် တိုက်ခိုက်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာနှင့် စစ်လက်နက်များ တင်ဆောင်လာသော သင်္ဘောအုပ်စုကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် ရေစကြိုမြို့မှ မုံရွာ နမခကို ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ လာပို့သည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို RPG ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများ၊ စက်လက်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ဖလက်ရေယာဥ် ၁ စီး RPG ထိမှန်ကာ မီးခိုးများ အူထွက်သွားခဲ့ပြီး ရေပေါ်တွင် ယိမ်းထိုးရမ်းခါသွားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီ ပြောက်ကြား တပ်ဖွဲ့ နှင့် တခြားသော ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှ်ချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် ကျည်အင်အား လျော့နည်းနေသောကြောင့် ချွေတာသုံးစွဲကာ တစ်တောင့်ခြင်းသာ ပစ်ခတ် သုံးစွဲခဲ့ရကြောင်း၊ ထို့ကြောင့် တော်လှန်ရေး ပိုမိုအရှိန်မြှင့်ပြီး ပိုမိုတိုက်ပွဲဖော်ဆောင်နိုင်ရန် ကျည်တစ်တောင့်ဖြစ်စေ ပါ၀င်ကူညီ ထောက်ပို့ပေးကြပါရန်လည်း မေတ္တာရပ်ခံကြောင်း Hero Fighter (Salingyi) က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း 5/Chaung U Local Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ ကား ၁၅ စီးပါ ယာဉ်တန်းကို မုံရွာ – မန္တလေး လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ၆ စီးမြောက်ကားကို ထိမှန်ခဲ့ကြောင်း၊ မွန်းလွဲ ၄ နာရီ ခန့်တွင် ပဒေသာမိုင်းဖြင့် ၂ ကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၉ စီးမြောက်ကားကို ပဒေသာ မိုင်းဆွဲ ထိမှန်ခဲ့ပြီး ကားထိုးရပ်တန့်သွားကာ ၁၀ စီးမြောက် ကားပေါ်တွင် ပါလာသည့် ယာဥ်မောင်း ၁ ဦးနှင့် အစားထိုး မောင်းနှင် သွားကြောင်း သိရသည်။