ရွှေဘိုမြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ သြဂုတ် ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဂွေးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မြောင်းမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဂွေးကုန်းရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” ရွှေဘို ဂွေးကုန်းရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ ငပိအိုး ရွာမှာလည်း စစ်ခွေးစစ်ကြောင်း တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ ကျေးရွာ ၄ ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ငပိအိုးကျေးရွာ၊ ကံကြီးတောကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် သဲကျွန်းကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့နေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)