နတ်မောက်မြို့နယ်တွင် စစ်တပ်ခေါ်၍ ပြည်သူများကို ခြိမ်းခြောက်လေ့ရှိသော ဆည်လည်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၆
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ကို ခေါ်ယူ၍ ပြည်သူများကို ခြိမ်းခြောက်လေ့ရှိသော ဆည်လည်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန်တပ်ဖွဲ့ တာဝန်ခံ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆည်လည်ကျေးရွာရှိ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်ငြိမ်းကို နတ်မောက်ဂဠုန်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာအပြင် တစ်နေရာ၌ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး မြင့်ငြိမ်းသည် ဆည်လည်ရွာသားများ ၎င်းကို ကြောက်လန့်စေရန်အတွက် အကြမ်းဖက် စစ်တပ်ကို ကျေးရွာအတွင်း ခေါ်ယူ၍ ဆိုင်ကယ်များကို ဖမ်းဆီး ငွေတောင်းခိုင်းခြင်း၊ ကျေးရွာထဲရှိ CDM ဝန်ထမ်းအမျိုးသမီးကို ခြိမ်းခြောက်ဖမ်းဆီးကာ လက်ဝတ် လက်စားများကို သိမ်းယူခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားသော မြင့်ငြိမ်း၏ ရုပ်အလောင်းကို စစ်တပ်က လာရောက်စစ်ဆေးမှုများ မပြုလုပ်သည့်အတွက် ရွာသားများက အလောင်းကို နတ်မောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ အဆိုပါ ရှင်းလင်းမှုကို နတ်မောက် ဂဠုန် PDF ၊ တိုက်ဒေါင်း ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။