ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ ဖြူးတွင် စစ်သားများ နေထိုင်သော နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၂၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်မှ ၉ နာရီ ၁၅ မိနစ်ထိ ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်တံတားအရှေ့ဘက်ခြမ်းကို ပြည်သူကာကွယ်ရေး တပ်မတော် (PDF) အထူး ကွန်မန်ဒို တပ်ရင်း ရိုးမစစ်ကြောင်း ၂ ၊ KNLA နှင့် ပကဖ ပူးပေါင်းအဖွဲ့တို့ နယ်မြေရှင်းလင်းစဥ် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်သားများ နေထိုင်သော နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာရှိ အကြမ်းဖက် စစ်သားများ နေထိုင်သော နေအိမ်ကို ပြည်သူကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂ နှင့် KNLA ဒရုန်း ပူးပေါင်းအဖွဲ့က ၆၀ မမ ဗုံးသီးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
