မြန်မာစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ကူညီထောက်ပံ့ ပေးရာရောက်သည့် ADMM ဆက်စပ် စစ်ရေးလေ့ကျင့်မှု အစီအစဥ်တစ်ခုကို အာဆီယံအဖွဲ့က ရုရှနိုင်ငံတွင် ဦးဆောင်ကျင်းပရန်ရှိ
ရန်ကုန်၊ ဩဂုတ် ၃၀၊
မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးကူညီရာရောက်မယ့် စစ်ရေးလေ့ကျင့်မှု အစီအစဥ်တစ်ခုကို အာဆီယံအဖွဲ့က ဦးဆောင်ပြီး ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိကြောင်း Justice For Myanmar (JFM) အဖွဲ့က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အာဆီယံရဲ့ ဦးဆောင်မှုနဲ့ ကျင်းပမယ့် အဲ့ဒီ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ရှုတ်ချကြောင်းလည်း Justice For Myanmar ကကြေညာလိုက်တာပါ။
အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်အုပ်စုက ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူပြီး စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ရုရှားနိုင်ငံ Ussuriysk နဲ့ Vladivostok မြို့ တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း မကြာသေးမီက ပြင်ဆင်လိုက်တဲ့ အာဆီယံကာကွယ်ရေးကဏ္ဍ လုပ်ငန်းပြက္ခဒိန်အရ သိရှိရတယ်လို့ JFM ကပြောပါတယ်။
အဲ့ဒီစစ်ရေးလေ့ကျင့်မှုဟာ မြန်မာပြည်သူများပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲ တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မုဒိန်းကျင့်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ တရားဥပဒေမဲ့ ဖမ်းဆီးမှုများ၊ လူနေအိမ်များ၊ ကျေးရွာများနဲ့ ကောက်ပဲသီးနှံတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ပြီး အကြမ်းဖက်စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ မြန်မာအာဏာသိမ်း စစ်အုပ်စုကို ပိုမိုကောင်းမွန်တဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်တွေ ပေးအပ်မယ့် စစ်ရေးလေ့ကျင့်မှု လို့ မှတ်ယူကြောင်းလည်း JFM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စု စစ်သည်တွေကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နည်းဗျူဟာတွေ လေ့ကျင့်သင်ကြားပေးတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အတော် ယုတ္တိမဲ့တဲ့ စက်ဆုပ်ရွံ့ရှာစရာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
“အာဆီယံအနေနဲ့ မြန်မာနိုင်ငံအကြပ်အတည်းကို ၎င်းတို့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မဖြေရှင်းနိုင်ရုံသာမက၊ တချိန်တည်းမှာပဲ နိုင်ငံတကာ အရေးယူဆောင်ရွက်ချက်တွေကို ဟန့်တားမှုဖြစ်စေပြီး၊ စစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ အကူအညီတွေနဲ့ တရားဝင်မှုတွေ ပေးအပ်ကာ စစ်အုပ်စုကို ကျောထောက်နောက်ခံပေးခြင်းဖြင့် ဘုံသဘောတူညီချက်တွေကို ထိခိုက်ပျက်ပြားနေစေတာ ဖြစ်တယ်”လို့လည်း သူမက ဆက်ပြောပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ အဲ့ဒီလုပ်ငန်းအဖွဲ့ကို ယူကရိန်းနိုင်ငံကို အကြမ်းဖက်ကျူးကျော်နေတဲ့ ရုရှားနိုင်ငံနဲ့ တရားမဝင် မြန်မာ အကြမ်းဖက်စစ်အုပ်စုတို့က ဦးဆောင်နေတာ ဖြစ်ပါတယ်။
စစ်ရေး လေ့ကျင့်မှုပြုလုပ်မယ့် မြို့တွေကလည်း ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ရုရှား အရှေ့တိုင်းစစ်ဌာနချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိတာဖြစ်ပါတယ်။ Vladivostok မြို့ဟာ ရုရှားပစိဖိတ် ရေတပ်ရဲ့ ဌာနချုပ်ဖြစ်ပြီး၊ Ussuriysk မြို့သည် အမှတ် (၅) တပ်ပေါင်းစု၏ ဌာနချုပ်ဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အဲ့ဒီစစ်ရေး လေ့ကျင့်မှုမှာဦးဆောင်မယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး +အပေါင်း (ADMM- Plus) ကနေ မြန်မာစစ်အုပ်စုကို ဖယ်ရှားဖို့ Justice For Myanmar နဲ့အခြားသော မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စု ပါဝင်တဲ့ ADMM လှုပ်ရှားမှု အားလုံးကို သပိတ်မှောက်ဖို့ အကြိမ်ကြိမ်တောင်းဆိုထားကြောင်းလည်း JFM ထံက သိရှိရပါတယ်။
ရုရှားမှာ ကျင်းပမယ့် မြေပြင်စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရှေ့တိုးလုပ်ဆောင်မယ်ဆိုပါက အာဆီယံ အနေနဲ့ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှု ပိုမိုနက်ရှိုင်းစေမှာ ဖြစ်တယ်လို့လည်း JFM ကသတိပေးထားပါတယ်။
“အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှု ကို ချက်ချင်းဖျက်သိမ်းသင့်ပြီး၊ လှုပ်ရှားမှုအစီအစဉ်အားလုံးကနေ စစ်အုပ်စုကို တားမြစ်ပိတ်ပင် ရမှာပါ။ စစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မယ်ဆိုရင် အာဆီယံအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဟာ စစ်ရေး လေ့ကျင့် မှုကို သပိတ်မှောက်သင့်ပြီး၊ တရားမဝင်စစ်အုပ်စုပါနေတဲ့ ADMM အခမ်းအနားအားလုံးကို တက်ရောက်ဖို့ ငြင်းဆိုသင့်ပါတယ်” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။
ဩဂုတ်လအတွင်းမှာလည်း မြန်မာစစ်အုပ်စုဟာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး +အပေါင်း (ADMM-Plus) ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဆိုင်ရာ စားပွဲတင် စစ်ရေးလေ့ကျင့်မှု (Table Top Exercise-TTX) တစ်ရပ်ကို နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပြီး၊ အဲ့ဒီစစ်ရေးလေ့ကျင့်မှုက မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်တယ်လို့ JFM ကဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် အစိုးရတွေအနေနဲ့ စစ်အုပ်စုက ဘဏ္ဍာငွေ၊ လက်နက် ပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီတွေ ရရှိနေတာကို ပိတ်ပင်ဖို့နဲ့ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး လွှဲပြောင်းပေးဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်ချက်တွေကို အရေးတကြီး တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ် လို့လည်း JFM က ထောက်ပြပြောဆိုထားပါတယ်။
ဓတ်ပုံ- ယမန်နှစ်က ကျင်းပခဲ့သော အာဆီယံ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးအခမ်းအနားတစ်ခု
