27 C
Yangon

ADMM သို့မဟုတ် အကြမ်းဖက် စစ်ကောင်စီအတွက် အာဆီယံ ဟ’ပေးထားသည့် တံခါးများ

Must read

ADMM သို့မဟုတ် အကြမ်းဖက် စစ်ကောင်စီအတွက် အာဆီယံ ဟ’ပေးထားသည့် တံခါးများ

By လမ်းသစ်

ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော တရားမဝင် စစ်ကောင်စီသည် ကမ္ဘာ့အလယ်တွင် အရေးယူဒဏ်ခတ်မှုများစွာ ကြုံတွေ့နေရသည့်တိုင် အာဆီယံ ဒေသတွင်းနိုင်ငံများ၌ ပန်းပန်နေဆဲပင် ဖြစ်သည်။

မြန်မာစစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းကျင်းပကြသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) နှင့် ဆက်စပ်ဆွေးနွေးပွဲ များစွာတွင် စိတ်အေးလက်အေး ပါဝင်ခွင့်ရနေဆဲ ဖြစ်သည်။

မြန်မာပြည်သူများသည် စစ်ကောင်စီအတွက် မည်သည့်တရားဝင်မှုမျိုးမှ ပေးအပ်ခြင်းကို မလိုလားကြချေ။ သို့သော် အာဆီယံ၏ ADMM နှင့် ဆက်စပ်အစည်းအဝေးများသည် စစ်ကောင်စီကို တရားဝင်မှု ပေးရုံသာမက နည်းပညာပိုင်းကိုပါ အထောက်အပံ့ဖြစ်စေပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက် ပြုလုပ်ရာ ရောက်နေသည်။

ADMM-Plus တွင် အာဆီယံ ၁ဝ နိုင်ငံနှင့်အတူ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့က ဆွေးနွေးဖက်အဖြစ် ပါဝင်သည်။ အာဆီယံသည် အကြမ်းဖက်စစ်အုပ်စုကို ထိုသို့သော နိုင်ငံပေါင်းများစွာနှင့် တွေ့ဆုံစေပြီး မဟုတ်မမှန် ဝါဒဖြန့်ချီနိုင်ရန် ခွင့်ပြုထားခြင်းပင် ဖြစ်သည်။

မြန်မာစစ်တပ်သည် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) နှင့် ဆက်စပ် ADMM Plus အစည်းအဝေးများတွင် “NUG နှင့် PDF များကို အကြမ်းဖက်သမားများအဖြစ်” ပုံဖော်နေ

======================

အာဆီယံ ထိပ်သီးဆွေးနွေးပွဲများမှအပ လတ်တလော ကျင်းပခဲ့သည့် အစည်းအဝေးများတွင် စစ်ကောင်စီသည် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်ခွင့်ရနေသည်ကို တွေ့မြင်ရသည်။

သြဂုတ်လ ၂ဝ ရက်မှ ၂၃ရက်အထိ ပြုလုပ်ခဲ့သော ၁၇ ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (AMMTC) တွင် စစ်ကောင်စီကိုယ်စားပြုအဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး၊ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “PDF တွေဟာ နိုင်ငံတွင်း အကြမ်းဖက်သူများဖြစ်ပြီး ထိခိုက်သေကြေမှုများနှင့် တိုင်းပြည်ပျက်စီးဆုံးရှုံးမှုများကို ဖော်ဆောင်နေကြောင်း” မုသားဗလပွဖြင့် ခပ်တည်တည်ပင် ဝါဒဖြန့်ခဲ့သည်။

AMMTC + Japan အစည်းအဝေးတွင်လည်း ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်က မြန်မာပြည်အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီအပေါ် ဝေဖန်ပြောဆိုခဲ့မှုအပေါ် ရာပြည့်က “ဒါဟာ ပြည်တွင်းရေး ဖြစ်တာကြောင့် တခြားနိုင်ငံတစ်ခုကနေ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့နဲ့ ဒီအစည်းအဝေးနဲ့ မသက်ဆိုင်တာကြောင့် နှစ်နိုင်ငံ သီးသန့်တွေ့ဆုံ ပြောဆိုနိုင်ကြောင်း” ခွန်းတုန့်ပြန်ခဲ့သည်။ အာဆီယံသည် စစ်ကောင်စီကို စိတ်တိုင်းကျ ခြယ်လှယ်ဖို့ ခွင့်ပြုထားသည်ပဲ မဟုတ်ပါလား။

“အာဆီယံ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အစည်းအဝေးသည် PDF များအား ချေမှုန်းရာတွင် အကျိုးရှိသည်”

====================

မြန်မာစစ်တပ်နဲ့ ရုရှားသည် အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အခြားဆွေးနွေးဖက်နိုင်ငံများ ပါဝင်သည့် ADMM-Plus ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင် ပူးတွဲသဘာပတိအဖြစ် ၂ဝ၂၁ ခုနှစ်ကတည်းက တာဝန်ယူထားသည်။

အဆိုပါ ADMM-Plus ရဲ့ အစီအစဉ်တစ်ခုဖြစ်သည့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လက်တွေ့စစ်ရေးလေ့ကျင့်မှုများကိုလည်း လာမည့် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံတွင် ကျင်းပရန် ရှိနေသည်။

အဆိုပါစစ်ရေး လေ့ကျင့်မှုများအတွက် အကြိုဆွေးနွေးပွဲနဲ့ ပြင်ဆင်ရေး ညီလာခံများလည်း ကျင်းပခဲ့သော်လည်း ADMM-Plus တွင် ဆွေးနွေးဖက်များ အဖြစ်ပါဝင်ကြသည့် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

စင်ကာပူနိုင်ငံမှအပ ကျန်အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ တက်ရောက်ခဲ့သည့် ထိုအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အကြိုဆွေးနွေးပွဲကို မြန်မာနိုင်ငံ နေပြည်တော်တွင် ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်မှ ၄ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အဆိုပါ အစည်းအဝေးသည် PDF များအား ချေမှုန်းရာတွင် အကျိုးရှိသည်” ဟု အကြမ်းဖက်စစ်တပ်၏ မြန်မာအလင်းသတင်းစာတွင် ဝန်ခံရေးသားထားသည်။

စစ်ကောင်စီသည် အာဆီယံထိပ်သီးအဆင့် ထိပ်သီးအစည်းအဝေးပွဲများတွင် ပါဝင်ခွင့်မရှိသော်လည်း ADMM နှင့် ဆက်စပ် အစည်းအဝေးများစွာတွင် တက်ရောက် အကျိုးခံစားခွင့် ရနေသည်။

ထို့အပြင် အကြမ်းဖက်မှုများနှင့် နံမည်ဆိုး ကျော်ကြားနေသည့် မြန်မာစစ်အုပ်စုကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ပါဝင်ခွင့်ပေးထားခြင်းသည် အာဆီယံ၏ အင်မတန် လွဲမှားသော လုပ်ရပ်တစ်ခုဖြစ်စေသည်။

လက်ရှိတွင် မြန်မာစစ်တပ် အပါအဝင် အာဆီယံနှင့် ရုရှားတို့ ပူးတွဲလုပ်ဆောင်မည့် မြေပြင်စစ်ရေးလေ့ကျင့်မှု အစီအစဥ်ကို ဖျက်သိမ်းပေးရန်အတွက် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၅၅၁ ဖွဲ့က တောင်းဆိုထားကြပြီ ဖြစ်သည်။

ရုရှားတွင် ကျင်းပမည့် မြေပြင်စစ်ရေးလေ့ကျင့်မှုကို ရှေ့တိုးလုပ်ဆောင်မည် ဆိုပါက အာဆီယံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ပြန်လည်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်

=========================

အာဆီယံ လုံခြုံရေး အသိုက်အဝန်းကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်သည့် ADMM သည် လုပ်ငန်းအဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး တစ်ဖွဲ့စီတိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုနှင့် ADMM-Plus မိတ်ဖက်နိုင်ငံတစ်ခုတို့က ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားကြသည်။

အကြမ်းအားဖြင့် လုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဌများအနေနှင့် ရေကြောင်း လုံခြုံရေးတွင် ထိုင်းနှင့် အမေရိကန်၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုတွင် အင်ဒိုနီးရှားနှင့် အိန္ဒိယ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတွင် ဗီယက်နမ်နှင့် ဂျပန်၊ စစ်ရေးဆေးပညာတွင် ဘရူနိုင်းနှင့် သြစတြေးလျ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလှုပ်ရှားမှုတွင် ကမ္ဘောဒီးယားနှင့် တရုတ်၊ ဆိုက်ဘာ လုံခြုံရေးတွင် မလေးရှားနှင့် တောင်ကိုရီးယားတို့က တာဝန်ယူထားကြသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင်မူ အကြမ်းဖက် အာဏာသိမ်း မြန်မာစစ်တပ်နှင့် ယူကရိန်းနိုင်ငံကို အကြမ်းဖက် ကျူးကျော်နေသည့် ရုရှားနိုင်ငံတို့က အံအားသင့်ဖွယ် ပူးတွဲဥက္ကဌများ ဖြစ်နေသည်ကို တွေ့ရသည်။

ရာဇဝတ်မှုများကို ရာထောင်ချီ ကျူးလွန်ထားသော အကြမ်းဖက် စစ်ကောင်စီသည် အဆိုပါ အာဆီယံ အစည်းအဝေးများတွင် NUG နှင့် PDF တို့ကို အကြမ်းဖက်သမားများအဖြစ် လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ပုံဖော်ပြောဆိုလေ့ ရှိသည်။ ထို့အပြင် အကြမ်းဖက် အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားရန်မရှိဟုလည်း သူခိုးက လူပြန်ဟစ်သဖွယ် သွားပုတ်လေ့လွင့် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

ထို့ကြောင့် ထိုသို့သော အကြမ်းဖက် မြန်မာစစ်အုပ်စုနှင့် အတူတကွ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်ခြင်းသည် အဆိုပါ နိုင်ငံများအား မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်စေမှုအား ပိုမိုနက်ရှိုင်းလာစေမည်သာ ဖြစ်သည်။

အချုပ်အားဖြင့် အာဆီယံ အစည်းအဝေးများတွင် မြန်မာစစ်တပ်က ပါဝင်တက်ရောက်ခွင့်ရနေခြင်း နှင့်ပတ်သက်၍ အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် အာဆီံယံနိုင်ငံများတွင် အပြည့်အဝ တာဝန်ရှိပေသည်။

လူမျိူးတုန်း သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှု များကို ကျူးလွန်ထားသည့် မြန်မာစစ်တပ်ကို ထိုသို့ အာဆီယံအစည်းအဝေးများအတွင်း ဆက်လက်တက်ရောက်ခွင့် ပြုထားခြင်းသည် အာဆီယံအဖွဲ့ကြီးအပေါ် ယုံကြည်မှု၊ အဖွဲ့ကြီး၏ လုပ်ကိုင်နိုင်စွမ်းနှင့် ပုံရိပ် တို့ကို ဆိုးရွားစွာ ထိခိုက်လျော့ကျစေသည်။

မြန်မာ့အရေးနဲ့ ပတ်သက်၍ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနှင့် တန်းတူညီမျှမှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ ယုံကြည်မှု ပိုရလာသည် ဟု အာဆီယံ လက်ရှိဥက္ကဌအင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောဆိုခဲ့သော်ငြားလည်း၊ အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ကမူ အင်ဒိုနီးရှားအနေနှင့် အာဆီယံဥက္ကဌ သက်တမ်းမကုန်ခင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပိုမိုထိရောက်အောင် လုပ်ဆောင်ဖို့လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM နှင့် ဆက်စပ်အစည်းအဝေးများသည် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား တရားဝင်မှုနှင့် စစ်ရေးစွမ်းရည် တို့ကို မြှင့်တင်ပေးနေသော ပလက်ဖောင်းသဖွယ် ဖြစ်နေသဖြင့်၊ စစ်ကောင်စီကို အဆိုပါ အစည်းအဝေးများမှ အပြီးတိုင် ဖယ်ရှားပေးရန်နှင့် မဖယ်ရှားနိုင်ပါက စစ်ကောင်စီ ပါဝင်သည့် အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံများအနေနှင့် မတက်ရောက်ဘဲ သဘိတ်မှောက်ရန် တောင်းဆိုသော ပြည်တွင်း ပြည်ပ အရပ်ဘက် အဖွဲ့အစည်းပေါင်း များစွာ၏ အသံများမှာလည်း တစတစ ကျယ်လောင်လာနေပြီ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article