အိမ်ပြန်လမ်း သို့မဟုတ် နေပြည်တော်မှာ စိုက်ထူမဲ့ PDF အလံ
By လမ်းသစ်
မြန်မာတွေရဲ့ မိဘနဲ့ သားသမီး သံယောဇဉ်ဟာ အင်မတန် ကြီးမားပါတယ်။ မိဘက သားသမီးကို ရင်အုပ်မကွာစောင့်ရှောက်တယ်။ သားသမီး အများစုကလည်း အိမ်ထောင်ရပ်သား မကျမချင်း မိဘအိမ်မှာပဲ နေကြတယ်။အိမ်ထောင်ကျပြီးသည့်တိုင်အောင် မိဘအိမ်မှာပဲ နေကြသူတွေလည်း ရှိပါတယ်။
တိုင်းပြည်ကို ဒုက္ခတွင်းထဲ ဆွဲချနေတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုက ဒီလို ကြီးမားတဲ့ သံယောဇဉ်တွေကိုလည်း ဝေးကွာသွားစေခဲ့တယ်။ မိသားစုတွေ တချို့က သေကွဲကွဲပြီး တချို့ကျ ရှင်ကွဲကွဲကြရတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်က မတရားသတ်ဖြတ်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။
လူငယ်တွေဟာ မြန်မာစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ဆိုးသွမ်းယုတ်မာမှုတွေကို သေချာ မကြုံဖူးပေမယ့် သူတို့လက်ရှိ ကြုံတွေ့နေရတာတွေက မတရားဘူးဆိုတာ ကောင်းကောင်း နားလည်ခဲ့ကြတယ်။ လုပ်ချင်တာကို လုပ်ရဲကိုင်ရဲတတ်တဲ့ လူငယ်ပီပီ ဓမ္မဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။
အေးအေးလူလူ လက်ဖက်ရည်ဆိုင် ထိုင်နေရာကနေ၊ ဘော်ဒါတွေနဲ့ ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေရာကနေ၊ တချို့လည်း လုပ်ငန်းခွင်ကနေ ရုတ်ချည်းထွက်ခွါသွားပြီး တောထဲကို ရောက်ကုန်ကြတယ်။ တောထဲတောင်ထဲကနေ ရရာလက်နက် ဆွဲကိုင်ပြီး အာဏာရှင်ကို တော်လှန်ခဲ့ကြတယ်။
တိုင်းပြည်ကနေ ဖက်ဆစ်စစ်တပ် လုယုထားတဲ့ အာဏာကို ပြန်တောင်းလို့ မရဘူး၊ တိုက်ယူမှ ရမယ်ဆိုတာ သဘောပေါက်ပြီး လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။
နည်းပညာနဲ့ ယဉ်ပါးတဲ့ လူငယ်တွေဟာ စစ်အုပ်စုကို သွေးလေခြောက်ခြား စေတဲ့ ဒရုန်းတွေ တီထွင်ခဲ့တယ်။ ဂိမ်းတွေ ထွင်ပြီး နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာခဲ့ကြတယ်။
အကြမ်းဖက် စစ်အုပ်စုဘက်က စဉ်းတောင်မစဉ်းစားဖူးတာတွေ တော်လှန်ရေးမှာ ပေါ်ပေါက်လာခဲ့တယ်။ အနုပညာ ဝါသနာထုံပေမယ့် တောထဲရောက်လာခဲ့သူတွေကလည်း အနုပညာနဲ့ တော်လှန်ရင်း လူထုကို စိတ်ခွန်အား ပေးခဲ့ကြတယ်။
မြို့ပြမှာ ကျန်ခဲ့သူတွေက အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဖော်ဆောင်ရင်း မြန်မာပြည်သူတွေ သွေးမအေးဘူးဆိုတာ ကမ္ဘာသိအောင် ပြသကြတယ်။
ဒီလိုဆန္ဒပြ သပိတ်မှောက်ရင်း အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်ခံရတာတွေ၊ ဒူးထောက်အညံ့ခံရမယ့်အစား တိုက်ပေါ်က ခုန်ချပြီး အသက်ပေးသွားတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေး။
လူသေပေမယ့် မတရားမှုကို ခေါင်းငုံ့မခံတဲ့ စိတ်ဓာတ်တွေကိုတော့ လက်ဆင့်ကမ်းသွားခဲ့တယ်။ မိဘတွေကတော့သားသမီးအတွက် ဂုဏ်ယူစိတ်နဲ့ ဝမ်းနည်းကြေကွဲမှုတွေ လွန်ဆွဲပြီး ရင်ကွဲနာကျပေါ့။
အညာဒေသတွေဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းသလို ဖက်ဆစ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကိုလည်း ပိုပြီးခံစားရပါတယ်။
ရွာလုံးကျွတ် မီးရှို့ခံရလို့ ပိုင်ဆိုင်သမျှထားခဲ့ပြီး ထွက်ပြေးရပေမယ့် နားမှာ ကပ်ပါလာတဲ့ နားကပ်လေးကို တော်လှန်ရေးအတွက် သုံးဖို့ပေးတဲ့ အမေအိုကြီးတွေလည်း တွေ့ရတယ်။
စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ ကိုယ့်ရင်သွေးတွေအပါအဝင် ရှိသမျှ ပုံအောပေးဆပ်ထားကြတာ မဟုတ်ပါလား။ တော်လှန်ရေး အောင်မှ ဖြစ်မယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးဟန် အလားသဏ္ဍန်ပါပဲ။
အမေ့အိမ်မှာ စားပြီးသား ပန်းကန်တောင် ဆေးချင်မှဆေးတဲ့ လူငယ်လေးတွေဟာ အခုတော့ တိုင်းပြည်အတွက်ရှေ့တန်းမှာ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်နေကြပါတယ်။
နွေဦးတော်လှန်ရေး ၂ နှစ်ခွဲ ကြာလာချိန်မှာ စိတ်ဓာတ်ခိုင်မာတဲ့ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာပြီး ဖက်ဆစ်တွေကတော့ လက်နက်ချ ထွက်ပြေးမှု၊ စစ်တိုက်ဖို့ ငြင်းဆန်မှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်ပျက်စပြုနေပါပြီ။
ချိနဲ့လာတဲ့ စစ်အုပ်စုဟာ စစ်ရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေးနဲ့ စိတ်ဓာတ်ရေးရာ အဘက်ဘက်မှာ စတင်ရှုံးနိမ့်လာတာကို ဖုံးမရ ဖိမရ ဖြစ်နေပါတယ်။ ခုခံစစ်ကနေ ထိုးစစ်အနေနဲ့ အသွင်ပြောင်းလာတဲ့ တော်လှန်ရေးကလည်း အောင်ပွဲဆီ တဖြည်းဖြည်း ချဥ်းကပ်လာနေပါတယ်။
တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေဟာ ရိုးမမှ မြို့ပြဆိုသလို ကျေးလက်တောရွာကနေပြီး မြို့ကြီးပြကြီးတွေကို တိုက်ခိုက်နိုင်တဲ့အဆင့်ထိ ရောက်ရှိလာသလို၊ သူတိူ့တွေရဲ့ နောက်ဆုံးလားရာအဖြစ် အကြမ်းဖက် စစ်တပ်ရဲ့ ဌာနချုပ်တည်ရှိရာ နေပြည်တော်ကို ဦးတည်နေကြပါတယ်။
ဒေသအသီးသီးက စစ်ကြောင်းတွေ တစ်နေရာတည်းမှာ ပေါင်းဆုံကြမယ့် ဒီစစ်ဆင်ရေးကို လမ်းများအားလုံး နေပြည်တော်သို့ လို့ နာမည်ပေးထားပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နေပြည်တော်ကို လာပြီး မာရဝိဇယဘုရား လာဖူးတာ ဖြစ်လိမ့်မယ်လို့ ခနဲ့တဲ့တဲ့ ပြောထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မကြာခင် သူတို့ကိုယ်တိုင် ဘုရား တ’ရမယ့် အဖြစ်ဆိုးကြီးနဲ့ ပက်ပင်းတိုးတော့မှာပါ။ တော်လှန်ရေးအင်အားစုတွေကတော့ နေပြည်တော်မှာ PDF အလံ စိုက်ထူမယ်လို့ ကြုံးဝါးထားကြပါတယ်။
ထိုးစစ်ကာလမှာ လိုအပ်ချက်တွေကို ဖြည့်တင်းဖို့ ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု PRF 2.0 အစီအစဉ်မှာ ပါဝင်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း တိုက်တွန်းထားပါတယ်။
ဒီအစီအစဉ် စတင်ခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၃ ဧပြီလအထိ (၁၇) လ ကာလအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀.၉၃ သန်း ရရှိခဲ့ပါတယ်။
တော်လှန်ရေးစစ်ကြောင်းတွေမှာ လိုက်ပါလာတဲ့ လူငယ်လေးတွေဟာ အာဏာသိမ်းခါစ ကာလတွေတုန်းက ကိုယ့်မြို့နယ် ရပ်ကွက်တွေထဲမှာ ပီပါဗုံးခွံတွေကို ဒိုင်းကာလုပ်၊ မီးရှုးမီးပန်းတွေနဲ့ ပြန်ပစ်ပြီး အာဏာရှင် လက်ပါးစေ သေနတ်သမားတွေကို ခုခံခဲ့ကြသူတွေပါ။
အဲ့ဒီအချိန်ကတည်းက စိတ်ထဲ ရွတ်လာခဲ့တဲ့ ငါတို့အလှည့် ကျန်သေးတယ် ဆိုတဲ့ ကြွေးကြော်သံဟာ အခုဆို ပိုမိုကျယ်လောင်လာပါပြီ။
တိုင်းပြည်အတွက် ပြည်သူအတွက် စစ်မှန်တဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ လူငယ်တွေအတွက် မကြာခင် အိမ်ပြန်လမ်း ဆိုတာကို လျှောက်လှမ်းရတော့မှာပါ။
တစ်ခါက အိမ်မကပ်ချင်တဲ့ လူငယ်လေးတွေလည်း အိမ်ကို လွမ်းနေလောက်ရောပေါ့။ သူတို့လေးတွေရဲ့ အိမ်အပြန်လမ်း အထောက်အပံ့ ဖြစ်စေဖို့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းတာဝန်ထမ်းပေးကြပါစို့။
