ရန်ကုန်၊ မေ ၂၄
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ဆားတွင်းကျေးရွာသို့ စစ်တပ်က ဂျက်ဖိုက်တာစစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၁၄ နှစ်အရွယ် စစ်ရှောင်လူငယ် ၁ ဦး သေဆုံးကာ သံဃာတော် ၁ ပါး အပါအဝင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ယမန်နေ့ မေလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန် မန္တလေး၊ တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်တပ်၏ ဂျက်ဖိုက်တာတိုက်လေယာဉ်က ဝန်းသိုမြို့နယ်၊ ဆားတွင်းကျေးရွာအတွင်းသို့ ပေါင် ၅၀၀ ဗုံးများအပြင် ရော့ကက် (Rocket) ၂ လုံးဖြင့်ပါ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းမှ ဗုံးကျဲပစ်ခတ်မှုကြောင့် ဆားတွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန် ဘုန်းကြီးကျောင်းဝင်းအတွင်း ခြင်းခတ်ကစားနေကြသည့် အသက် ၁၄ နှစ်အရွယ် သံဃာတော် ၁ ပါးနှင့် စစ်ဘေးရှောင်လူငယ် ၃ ဦး ဗုံးစထိမှန်ကြောင်း၊ ယင်းတို့အနက် လူငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” မနေ့ ညနေ ၆ နာရီ ၂၅ မိနစ်မှာ တိုက်လေယာဉ်က ဗုံးလာကျဲတာ။ ဆားတွင်းကျေးရွာထဲကို ပေါင် ၅၀၀ ကျဲချတယ်။ Rocket ၂ လုံးနဲ့လည်း ပစ်တယ်။ သံဃာတော် ၁ ပါးနဲ့ ခြင်းခတ်နေသော လူငယ် ၃ ဦး ထိခိုက်တယ်။ ၁ ဦးကတော့ ဒဏ်ရာတွေနဲ့ ဆုံးသွားတယ်။ ဒဏ်ရာရရှိသူတွေလည်း ဒဏ်ရာက အတော်ကို ပြင်းထန်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော လူငယ်မှာ အသက် ၁၄ နှစ်အရွယ် မောင်စိုးဝေယံဦး ဖြစ်ပြီး အခြားဒေသမှ ဆားတွင်းကျေးရွာသို့ လာရောက် ခိုလှုံနေသော စစ်ဘေးရှောင် လူငယ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူများတွင် အသက် ၁၄ နှစ်အရွယ် မောင်ဇွဲထက်အောင် မှာ ညာခြေထောက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာပြင်းထန်ကြောင်း၊ အခြားလူငယ်ဖြစ်သော အသက် ၁၄ နှစ်အရွယ် မောင်ဇွန်မောင်မောင် မှာလည်း ဘယ်ဘက်နားထင်တွင် ဗုံးစထိမှန်ထားပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူလူထု နေထိုင်ရာ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။






