မြောက်ဥက္ကလာထွေ/အုပ်ရုံးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ အင်းစိန်နှင့်မြောက်ဒဂုံတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီး စစ်တပ်က ဗုံးပေါက်သည့် မြို့နယ်အဝင်အထွက်အားလုံးကို ပိတ်ဆို့စစ်ဆေးနေ
ရန်ကုန်၊ စက်တင်ဘာ ၅
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ ည ဗုံး ၂ လုံးပေါက်ကွဲပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများဖြစ်ပွားကြောင်း မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲပြီးနောက် ထွေ/အုပ်ရုံး လုံခြုံရေး တပ်စွဲထားသော စစ်တပ်က လမ်းမဘက်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“ဒီည ၇ နာရီ ၂၉ မိနစ်မှာ မြောက်ဥ ကလာပ ထွေအုပ်ရုံးမှာ ဗုံး ၂ လုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်တယ်။ အဲဒီနောက် ရုံးစောင့် စစ်တပ်က လမ်းမဘက်ကိုသေနတ်တွေနဲ့ လှမ်းပစ်တယ်။ ဗုံးကွဲသံကလည်း အရမ်းကို ကျယ်ပါတယ်။ သေနတ်ကတော့ ၄ ချက်၊ ၅ ချက် ဆက်တိုက်ပစ်တာ” ဟု မြောက်ဥက္ကလာပမြို့နယ်ထွေ/အုပ်ရုံးအနီးနေထိုင်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။
ယင်းနောက် စစ်တပ်က မြောက်ဥက္ကလာပမြို့နယ် အဝင်အထွက်များကို ဂိတ်ချစစ်ဆေးနေပြီး ဈဈေး အနားရှိ အဓိက လမ်းမကြီးကို ပိတ်ချ စစ်ဆေးကြောင်း သိရှိရသည်။
အလားတူ မြောက်ဒဂုံမြို့နယ်တွင်လည်း ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က အလွန်ကျယ်လောင်သော ဗုံးပေါက်ကွဲသံကြားရကြောင်း မြောက်ဒဂုံနာရေးကူညီမှုအသင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။
“ပေါက်ကွဲသံက မြောက်ဒဂုံဘက်ကလို့တော့ ထင်တာပဲ။ မြောက်ဥက္ကလာအ၀ိုင်းဘက်နဲ့လည်း ကျနော်တို့က နီးတော့ ဘယ်မြို့နယ်ထဲပေါက်လဲ တော့ သေသေချာချာမသိဘူး။ မိတ်ဆွေကားသမားတချို့ပြောတာ မြောက်ဒဂုံထဲမှာလည်း ဗုံးပေါက်တယ်ပြောတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
ထို့အတူ အင်းစိန်မြို့နယ်တွင်လည်း ယနေ့ည ၈ နာရီ ၁၄ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အင်းစိန်ဒေသပြည်သူတချို့က ပြောဆိုကြပြီး ပေါက်ကွဲသည့်နေရာကို မသိရသော်လည်း အင်းစိန်ထောင်အနီးနေထိုင်သူ ပြည်သူတချို့က ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ပြောဆိုကြသည်။
” ည ၈ နာရီကျော်ကျော်လောက်မှာ ဗုံးပေါက်သံကြားရပါတယ်။ အင်းစိန်စျေးနားနဲ့ အင်းစိန်ထောင်နားမှာတော့ တပ်နဲ့ရဲတွေ လှည့်ပတ်နေကြတယ်။ အင်းစိန် မီးသတ်ရှေ့နားမှာတော့ စစ်ဆေးတာတွေရှိတယ်” ဟု အင်းစိန်ထောင်အနီး နေထိုင်သူ ပြည်သူက ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က ညပိုင်း အသွားအလာများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- အီးပီအေ။