32 C
Yangon

မြန်မာ့အရေးကို ကိုယ်ကျိုးစီးပွားကင်းမဲ့စွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြတ်ပြတ်သားသား ဖြေရှင်းဖို့ လိုအပ်လာပြီဖြစ်တဲ့ “အာဆီယံ”

Must read

မြန်မာ့အရေးကို ကိုယ်ကျိုးစီးပွားကင်းမဲ့စွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြတ်ပြတ်သားသား ဖြေရှင်းဖို့ လိုအပ်လာပြီဖြစ်တဲ့ “အာဆီယံ”

By လမ်းသစ်

မြန်မာ့အရေး မျှော်လင့်ချက် မရှိသေးတဲ့ ၂၀၂၃ ခုနှစ်ရဲ့နောက်ဆုံး အာဆီယံထိပ်သီး အစည်းအဝေးကြီးကတော့ စတင်ကျင်းပနေပြီပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားအနေနဲ့ ၂၀၂၃ အာဆီယံ ဥက္ကဌရာထူးကို ရယူထားတဲ့ သက်တမ်းအတွင်း မြန်မာ့အရေး ဖြေရှင်းဖို့ လုပ်ဆောင်ချက်တွေ မအောင်မြင်ခဲ့ဘူး ဆိုတာကို ဝန်ခံရတဲ့ အစည်းအဝေးလို့ ပြောရင်လည်း မမှားပါဘူး။

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုတာကို ပြသရာရောက်တဲ့ အာဆီယံဥက္ကဌ အင်ဒိုနီးရှား ဦးဆောင်တဲ့ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ (ASEAN BAC) နဲ့ စစ်ကောင်စီ တို့အကြား မရိုးသားတဲ့ ဆက်ဆံနေမှုများ အပေါ် ဝေဖန်ချက်တွေကလည်း ဒီအာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ ကာလအတွင်း ထွက်ပေါ်လို့ လာပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးအပေါ် ဝေဖန်ပြောဆိုချက်တွေ ရှိပေမယ့်လည်း ယခုတစ်ခေါက် အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ အကြိုပွဲစဥ်ဖြစ်တဲ့ အာဆီယံ လူထုညီလာခံကတော့ တာထွက်လှခဲ့ပါတယ်။

ဒါကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးက အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တက်ရောက်ကြတဲ့ ဒီညီလာခံမှာ အာဏာသိမ်းမှု အောင်မြင်ရေးအတွက် မြန်မာပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းနေတဲ့ မြန်မာစစ်အုပ်စုဟာ တရားဝင် အဖွဲ့အစည်း မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်လို့ ပူးတွဲကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ ရပ်တည်မှုမရှိဘဲ ပလူးပလဲ လုပ်နေကြချိန်မှာပဲ အခုလို ကြေညာချက် ထွက်လာခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီအာဆီယံ လူထုဖိုရမ်မှာ ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတီနဲ့ ဗီယက်နမ်နိုင်ငံတို့က အရပ်ဘက်ပြည်သူတွေဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေဟာ မြန်မာ့တော်လှန်ရေးကို အားပေးနေကြပေမယ့် သူတို့ရဲ့ ခေါင်းဆောင်တွေကတော့ သူတို့လိုဟုတ်ဟန် မတူပါဘူး။

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုကို စာရွက်တွေပေါ်မှာသာ ကန့်ကွက်ကြောင်းကြေညာ၊ မြန်မာပြည်သူတွေအတွက် စိုးရိမ်မကင်း ဖြစ်ကြောင်း ဟန်ပြထုတ်ပြန်ပြီး လက်တွေ့မှာ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့ အစည်းအဝေးတံခါးတွေ ဖွင့်ပေးထားပါတယ်။

အစည်းအဝေး တက်ရောက်ခွင့်သာမက ခေါင်းဆောင်မှု နေရာတွေပါ ပေးအပ်ပြီး ဂုဏ်ပြုထားတာတွေတောင် ရှိနေပါသေးတယ်။ လက်တွေ့မှာလည်း မြန်မာစစ်တပ်ဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ဆက်စပ် (ADMM- Plus) ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့မှာ ရုရှားနဲ့အတူ ဥက္ကဌအဖြစ် ပူးတွဲပါဝင်နေတာပါ။

ADMM-Plus ရဲ့ အစီအစဉ်အရ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တဲ့ စားပွဲတင် စစ်ရေးလေ့ကျင်ခန်း တစ်ခုကို ပြီးခဲ့တဲ့ လပိုင်းအတွင်း မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပခဲ့ပြီး၊ လက်တွေ့ စစ်ရေးလေ့ကျင့်မှုကိုတော့ စက်တင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံ၌ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ကိုယ်တိုင်က အာဆီယံရဲ့ ADMM-Plus ဆွေးနွေးပွဲတွေဟာ PDF တွေကို နှိမ်နင်းရာမှာ အထောက်အကူပြုကြောင်း ထုတ်ပြောထားတာပါ။

ဒါ့အပြင် မြန်မာပြည်သူများစွာရဲ့ အသက်ကို နုတ်ယူထားတဲ့ စစ်ရာဇဝတ်ကောင် ဦးဆောင်မယ့် ညီလာခံတစ်ခု ရှိနေပါသေးတယ်။ မြန်မာလေတပ်ဦးစီးချုပ် ထွန်းအောင် ဦးဆောင်ပြုလုပ်မယ့် အာဆီယံ လေတပ်ဦးစီးချုပ် ညီလာခံ (AACC) ကို စက်တင်ဘာလထဲမှာပဲ နေပြည်တော်မှာ ကျင်းပဖို့ရှိနေတာပါ။

ပဇီကြီး၊ အနန့်ပါ စတဲ့ ပြည်သူတွေကို အစုလိုက်အပြံလိုက် ဗုံးကြဲသတ်ဖြတ်ဖို့ ကွပ်ကဲခဲ့သူ ရာဇဝတ်ကောင် ဦးဆောင်မယ့် ညီလာခံ ဖြစ်ပါတယ်။

ပဇီကြီးကျေးရွာကို လေကြောင်းဗုံးကြဲပြီး ပြည်သူအစုလိုက်အပြုံလိုက် သေစေတဲ့ မြန်မာစစ်တပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့တဲ့ အာဆီယံဟာ ဒီလုပ်ရပ်အတွက် အဓိက တာဝန်ရှိသူ ထွန်းအောင်ကို အာဆီယံလေတပ်ရဲ့ အကြီးအကဲ နေရာပေးပြီး ဂုဏ်ပြုထားခြင်းပဲ ဖြစ်ပါတယ်။

ဒါဟာ အာဆီယံရဲ့ အမတန်လွဲမှားတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေပြည်တော် လေတပ်ဦးစီးချုပ် ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ စစ်ကောင်စီကို အာဆီယံလုပ်ငန်းစဉ် အားလုံးကနေ ဖယ်ရှားပစ်ဖို့ Justice for Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုဟာ မြန်မာရဲတပ်ဖွဲ့က ဖက်ဆစ်စစ်တပ်ရဲ့ လက်ကိုင်တုတ်အနေနဲ့ ပါဝင်နေပါတယ်။ အာဆီယံဟာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က ရဲချုပ် ဇော်လင်းထွန်းကိုလည်း အာဆီယံရဲတပ်ဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာအဖြစ် ခန့်အပ်ထားပါသေးတယ်။

အာဏာသိမ်းမှု ရက်ပေါင်း ၉၅ဝ နီးပါး ကြာမြင့်လာချိန်အထိ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်နေတဲ့တိုင်အောင် မြန်မာစစ်တပ်ဟာ အောင်မြင်မှုမရသေးပါဘူး။

ပြည်သူတွေဟာ အာဏာရှင်ကို ဆန့်ကျင်ကြောင်း တစ်ရက်မှ မနားတမ်း နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်နေကြသလို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့လည်း နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေဆဲပါ။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီ ဖြစ်စေချင်တယ်ဆိုရင် စစ်ကောင်စီကို တရားဝင်မှုဖြစ်စေတဲ့ ဘယ်လိုထိတွေ့ ဆက်ဆံမှုမျိုးကိုမှ ရှောင်ကြဥ်ရမှာ ဖြစ်ပါတယ်။

စစ်အုပ်စုအတွက် ဘဏ္ဍာငွေစီးဆင်းမှုတွေကို ဖြတ်တောက်ပြီး ထိရောက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ရပါမယ်။ လေယာဉ်ဆီအပါအဝင် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကို ပိတ်ဆို့ပေးဖို့ လိုအပ်ပါတယ်။

ဒီတခေါက် ရပ်တည်ချက် ပြတ်သားတဲ့ အာဆီယံလူထုဖိုရမ်ရဲ့ တောင်းဆိုချက်တွေထဲမှာ မြန်မာစစ်တပ်အတွက် တတိယအကြီးဆုံး စစ်လက်နက်ရောင်းချသူ စင်ကာပူနဲ့ ပဉ္စမအကြီးဆုံး ရောင်းချသူ ထိုင်းနိုင်ငံတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

အာဆီယံနိုင်ငံ‌တွေထဲမှာ စင်ကာပူနိုင်ငံဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ကောင်းကောင်းထိုးနှက်နိုင်စွမ်းရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့်လည်း စင်ကာပူအနေနဲ့ အကြမ်းဖက်စစ်ကောင်စီထံ လက်နက်တွေ၊ နည်းပညာတွေ၊ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှု ရပ်တန့်ရေး တောင်းဆိုဖို့ အတွက် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (Blood Money Campaign) ကနေ မြန်မာပြည်သူတွေရဲ့ လက်မှတ်တွေကို စုဆောင်းနေပါတယ်။ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း အရပ်ဘက်အဖွဲ့ပေါင်း ၂ဝဝ က စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ မြန်မာနိုင်ငံအတွင်းမှာ ၂ဝ၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ အမျိုးသမီး ၆ဝဝ ကျော်အပါအဝင် အရပ်သား တက်ကြွလှုပ်ရှားသူ ၄,ဝဝဝ ကျော် အသတ်ခံထားရပါတယ်။

ဘယ်လိုစဥ်းစာချက်မျိုးပဲ ရှိနေပါစေ အာဆီယံအနေနဲ့ နစ်နာသေဆုံးမှုများစွာ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားရမှာပါ။

မြန်မာစစ်တပ်နဲ့အတူ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာဟာ မြန်မာပြည်သူတွေအတွက် အသက်အန္တရာယ် ပိုကြီးထွားစေအောင် လုပ်ပေးနေတာ ဖြစ်ပါတယ်။

အာဆီယံ ဟာ လက်ရှိပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ပြောပြောနေတဲ့ ၂၀၄၅ အထိပင် ခံတော့မှာ မဟုတ်ဘူး လို့ ဝေဖန်သံတွေကလည်း လက်ရှိအာဆီယံ ထိပ်သီးအစည်းအဝေး ကာလအတွင်း ထွက်ပေါ်လာနေပါတယ်။

အခြားတဖက်မှာလည်း မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံဖို့၊ NUG ၊ PDF ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ဖို့ကိုလည်း အာဆီယံလူထုဖိုရမ်က တခဲနက် တောင်းဆိုထားပါတယ်။ ဒါဟာ အာဆီယံပြည်သူတွေရဲ့ သဘောထားကို ထင်ဟပ်စေတာပါ။

ဒါကြောင့် အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်အပေါ် အယုံအကြည် လုံးဝ ကင်းမဲ့နေပြီ ဆိုတာကို အသိအမှတ်ပြုရမှာ ဖြစ်သလို၊ အာဆီယံရဲ့ ဒေသတွင်း လုံခြုံရေး၊ အနာဂတ် နဲ့ ဂုဏ်သိက္ခာ တွေအတွက် အာဆီယံ ပြည်သူတွေရဲ့ စုပေါင်းကြွေးကြော်သံများကိုလည်း ဂရုပြုဖို့ လိုအပ်နေပြီး မြန်မာ့အရေးကို ကိုယ်ကျိုးစီးပွားကင်းမဲ့စွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ဖို့ အစီအမံတွေ ချမှတ်လုပ်ဆောင်ရမယ့် အချိန်ရောက်ရှိနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Photo-CNN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article