ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ၊ ဘီးလင်းရှိ အီးကြူးခီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ လော်မူသောကျေးရွာနှင့် ဘုရားလေးကုန်းဘုန်းကြီးကျောင်း အနီးကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ပြီး ပြည်သူ ၇၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရကာ စာသင်ကျောင်း တ ကျောင်းလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် လော်မူသောကျေးရွာနှင့် လော်မူပယ်ကျေးရွာတို့မှ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အဆိုပါ ကျေးရွာ ၂ ရွာတွင် အိမ်ခြေ ၁၄၉ အိမ်ရှိပြီး ပြည်သူ ၆၃၂ ဦး နေထိုင်ကြောင်း၊ ထို့ပြင် ကျောင်းသား ကျောင်းသူ ၃၃ ဦး တက်ရောက် ပညာသင်ယူနေသည့် လော်မူပယ်မူလတန်း ကျောင်းနှင့် ကျောင်းသား ကျောင်းသူ ၂၇၂ ဦး တက်ရောက် ပညာသင်ယူနေသည့် လော်မူသော အထက်တန်းကျောင်းလည်း ယာယီပိတ်ထားရကြောင်း သိရှိရသည်။
ထို့ပြင် မိုးတွင်းကာလဖြစ်သည့်အတွက် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် တောတောင်များအတွင်း ခက်ခဲစွာ ရှင်သန်နေထိုင်နေကြရပြီး အရေးပေါ် စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အီးကြူးခီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အီးကြူးခီးရွာနှင့် ဝါးကတဲရွာအကြား၌ နတ်ကြီးစခန်းရှိ ခမရ−၄၀၅ တပ်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် KNLA တပ်ရင်း ၃ တပ်ခွဲ ၁ တပ်ဖွဲ့တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားပြီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မယ်ပလီရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမှတ်−၄၀၅ ခြေမြန် တပ်ရင်းစခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အီးကြူးခီးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၁ နှစ်အရွယ် နော်နုနု လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း အမှတ်-၈၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ အမှတ်−၄၁၀ ခြေမြန် တပ်ရင်းစခန်းက လေးကေရွာနေ ပြည်သူများအား ဝါးအလုံးပေါင်း ၅၀၀ လုံးနှင့် ဖက်အပျစ်ပေါင်း ၁၀၀၀ ပျစ်ပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့ပြီး ဒေသ ပြည်သူများက ဝါးအလုံးပေါင်း ၃၀၀ လုံးနှင့် ဖက်အပျစ်ပေါင်း ၅၀၀ ပျစ်သာ ပေးခဲ့ပြီး ကျသင့်ငွေ အပြည့်ဝမပေးဘဲ ငွေကျပ် နှစ်သောင်းသာ ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။