ရန်ကုန်၊ မတ် ၁၈
ရန်ကုန် မှော်ဘီမြို့နယ်၊ မြောက်ချောကုန်းကျေးရွာရှိ ထီးတင်ပွဲသို့ လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်တပ် အရာရှိ ယာဉ်တန်းကို မတ်လ ၁၆ ရက် နေ့လယ်၁၁ နာရီခန့် အချိန်ရန်ကုန် ပြည်လမ်းပေါ်ရှိ မြို့ချောင်းလမ်းဆုံ ဆောက်လက်စ တိုးဂိတ်အနီးတွင် အဝေးထိန်းဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ACPLF တပ်ဖွဲ့ထံမှ သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များ ဖောက်ခွဲခဲ့သည့် ပထမမိုင်းသည် ယာဉ်တန်း၏ ထိပ်ဆုံးမှမောင်းနှင်လာသော ဒီစီတစ်စီးအားထိမှန်ပြီး ကားရပ်သွားကာ ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆင်းလာပြီး ကြည့်ရှုစစ်ဆေးချိန်တွင် နောက်ထပ်တစ်လုံးထပ်မံ ဖောက်ခွဲ လိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း ACPLF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်မြို့ အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များဖြစ်သည့် အဆပလ – ACPLF တပ်ဖွဲ့၊ မှော်ဘီ ရင်သွေးတပ် (Hmawbi Youth Army)နှင့် မှော်ဘီ PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ သာကေတမြိုနယ်၊ (၅)ကွေ့မှတ်တိုင်အနီးရှိ အာဏာသိမ်းစစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းနေသည့် ခရိုနီ သိန်းဝင်းဇော် ပိုင်ဆိုင်သည့် ရွှေဗျိုင်းဖြူဆီဆိုင်ကို မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဖောက်ခွဲခဲ့သော်လည်း နည်းပညာချို့ယွင်းသဖြင့် မိုင်း မကွဲခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို GHF God’s Hand Forces နှင့် The Owl ၊ Justice Bringer Force-JBF က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း နွားထိုးကြီး မြို့နယ် မင်းစုံတောင်အနီးတွင် အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ ရဲ ဆိုင်ကယ်တန်းကို မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် နွားထိုးကြီး PDF (NPDF) တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲ ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ ခရိုနီ သိန်းဝင်းဇော် ပိုင်ဆိုင်သည့် ရွှေဗျိုင်းဖြူဆီဆိုင်။