ရွှေဘိုနှင့် ဝက်လက် နယ်စပ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ထုံးဘိုရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂ တပ်ရင်းက အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကင်းပုန်းကျွံလာသော စစ်သား ၄ ဦးကို ရွှေဘိုခရိုင် အမှတ်၂၃ တပ်ရင်းက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂွေးကုန်းရွာမှ ရွာသစ်ကုန်းရွာကို အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် စခန်းသာ ကျေးရွာကို စစ်ကြောင်း ထိုးလာစဥ် ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် တော်လှန်ရေး အင်အားစုများမှ တိုက်မိုင်း ၃၂ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်၂၃ တပ်ရင်းနှင့် နတ်တောင်နဂါးတပ်ခွဲ ၄ ၊ ရွှေဘိုကျားကြီး ၊ ရွှေဘိုမင်း ၊ရွှေဘိုဓူဝံ ၊ ဒေါင်းတို့အားမာန်အဖွဲ့ နှင့် ဒေသခံ ပကဖ ၊ပအဖ ခေါင်းဆောင်များမှ ပူးပေါင်ကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။