24 C
Yangon

သူငယ်ချင်းဖြစ်သူ မောင်ရာဇာမင်း၊ အဘွားအိုတစ်ဦးနှင့် သားဖြစ်သူကို စစ်တပ်က ပစ်သတ်မီးရှို့မှု ကြုံခဲ့ရဟု တပ်မ ၁၀၁၊ ခလရ ၂၅၅မှ CDM တပ်သားမောင်စိုးဖွင့်ဟဝန်ခံ (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၁၈

မိမိ၏ သူငယ်ချင်းအရင်းဖြစ်သူ မောင်ရာဇာမင်း၊ အဘွားအိုတစ်ဦးနှင့် သားဖြစ်သူကို စစ်တပ်က ပစ်သတ်မီးရှို့မှု ကြုံခဲ့ရဟု တပ်မ ၁၀၁၊ ခလရ ၂၅၅မှ CDM တပ်သားမောင်စိုး ဖွင့်ဟဝန်ခံလိုက်သည်။

တပ်သားမောင်စိုးသည် (တပ်သား၏ကိုယ်ပိုင်အမှတ်ကို Facebook ၏ Community Standard အရ ဖော်ပြခွင့်မရှိပါ) တပ်မ ၁၀၁၊ ခြေလျင်တပ်ရင်း ၂၅၅ မှဖြစ်ပြီး ယခုအခါ ကရင်နီပြည်နယ်တွင် CDM ဝင်ရောက်နေပြီဖြစ်သည်။

“စစ်တပ်ထဲမှာ နေလာတာ ကြာတဲ့အတွက်ကြောင့် စစ်တပ်က ကောင်းလား ဆိုးလား ကျနော် သိပါတယ်။ ပြည်သူတွေကို သတ်တယ်၊ အိမ်တွေကို ဖောက်တယ်၊ ရှိသမျှ ပစ္စည်းတွေကို ယူတယ်၊ အဲဒါတွေကိုတောက် လျှောက်မြင်ခဲ့ရတယ်ပေါ့။ စိတ်မကောင်းဘူး၊ စိတ်မကောင်းပေမယ့်လည်း ဘာမှ လုပ်လို့မရခဲ့ဘူး၊ သူတို့ရဲ့ အမိန့်ကို နာခံခဲ့ရတယ်။ တိုင်းရင်းသားတပ်သားတွေဆို ပိုဆိုးတယ်၊ သူတို့က မယုံချင်ကြဘူး၊ ကျနော့် သူငယ်ချင်း ရာဇာမင်းကိုလည်း သူတို့ သတ်လိုက်တယ်၊ ကျနော်က အာမခံပေးတယ်လို့ ပြောတော့ သူတို့က ကျနော့်ကို အရှေ့ကို သွားခိုင်းတယ်၊ အဲဒီအချိန်မှာ ကျနော့်သူငယ်ချင်း ရာဇာမင်းရယ်၊ အဖွားကြီး ၁ ဦး ရယ်၊ သူ့သားရယ်ကို သူတို့ ပစ်သတ်လိုက်တယ်။ ပြီးတော့ အိမ်ထဲကို ထည့်တယ်၊ ပြီးတော့ ဒီဇယ်လောင်းပြီးတော့ မီးရှို့တယ်။ ဆက်မိုက်ချင်တဲ့သူတော့ မိုက်ကျပေါ့၊ ပြည်သူ အဲဒီလောက် မုန်းနေတာ မုန်းခံနိုင်တဲ့သူတွေ နေကြပေါ့ ” ဟု တပ်သားမောင်စိုးက ပြောသည်။

လက်ရှိ CDM ဝင်နေသည့် စစ်သားများကို ပြည်သူက နွေးထွေးစွာ ကြိုဆိုကြောင်း၊ စစ်သားများအနေဖြင့် CDM ဝင်ကြရန် တိုက်တွန်းကြောင်း ၎င်းကဆိုသည်။

“ပြည်သူလူထုက အဲလောက်မုန်းနေတဲ့ ဘဝမျိုး မနေချင်ဘူး၊ မခံချင်ပါဘူး ခင်ဗျ။ အခုလို CDM လုပ်လာတဲ့အခါကျတော့ ကျနော်တွေးမိတာက ပြည်သူတွေက ကျနော့်ကို မုန်းဦးမှာပဲလို့ တွေးခဲ့မိပေမယ့် အဲဒီလို မဟုတ်ပါဘူး။ ပြည်သူလူထုက ကျနော့်ကို နွေးထွေးစွာကြိုဆိုတယ်၊ အခုလိုနေရတာ ပျော်လည်း ပျော်တယ်၊ ကျေနပ်စရာချည်းပဲ” ဟု ၎င်းက ဆိုသည်။

ဩစတြေးလျအစိုးရက CDM စစ်သားများကို ခိုလှုံခွင့်ဗီဇာများ စတင်ထုတ်ပေးပြီဖြစ်ကြောင်း ဩစတြေးလျ အခြေစိုက်သတင်းမီဒီယာများကလည်း ယနေ့ သတင်းဖော်ပြကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article