24.7 C
Yangon

ကြာအင်းဆိပ်ကြီး၊ တံခွန်းတိုင်ရဲစခန်းသို့ စစ်တပ်က အင်အားဖြည့်တင်း လာပြီး နောက် တိုက်ပွဲပြင်းထန်နေကာ ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကြာအင်းဆိပ်ကြီး၊ တံခွန်းတိုင်ရဲစခန်းသို့ စစ်တပ်က အင်အားဖြည့်တင်း လာပြီး နောက် တိုက်ပွဲပြင်းထန်နေကာ ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ စစ်တပ်က အင်အားဖြည့်တင်းလာသည့်အတွက် ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း ဒူးပလာယာခရိုင်က ပေးပို့သော အချက်အလက် များ ကို ကိုးကား၍ ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် သတင်း ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်မှစတင်၍ KNU အုပ်ချုပ်မှု နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ ၆ ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင် ရဲစခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသော ကျိုက်ထို တပ်မ ၄၄ လက်အောက်ခံ ခလရ-၂၊ အမြောက်တပ်-၃၁၈ ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း ၁၀၂၁ နှင့် BGF တပ်နယ် ၃ စုစု ပေါင်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းကို K.N.L.A တပ်ရင်း ၁၆ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ခုခံကာကွယ်ရင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်တပ်က လေကြောင်းပစ်ကူအဖြစ် အရှေ့တောင်းတိုင်း စစ်ဌာနချုပ် မော်လမြိုင် ရတခ မှ Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းက နံနက် ၉ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦးမှာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရပြီး ကျေးရွာစာသင်ကျောင်း နှင့် ပြည်သူပိုင်အိုးအိမ်များ ထိမှန်ပျက်စီးခဲ့ရကြောင်း ၊ ထို့ပြင် အဘစ် အမြှောက်တပ်ကလည်း ၁၂၂ မမ လက်နက်ကြီးများအဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူပိုင်အိုးအိမ်များ ထပ်မံပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် BGF တပ်နယ် (၃) က အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံ၍ အင်အားဖြည့် တင်းလာ သည့်အတွက် KNLA – တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ရေး တင်း မာလျက်ရှိကြောင်း၊ စစ်တပ်က တိုက်ပွဲများတွင် အင်အားဖြည့်တင်း လာခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် စက်တင်ဘာလ ၁၄ ရက်နေ့ စာရင်းများအရ ဒေသပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိ စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူများမှာ မိုးအဆက် မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများ ပြင်းထန်စွာ စီးဆင်မှုများကြောင့် နေရာထိုင်ခင်းအတွက် အမိုး အကာများ လုံလောက်မှု မရှိသည့်အပြင် စစ်ဘေးရှောင်ရန် စခန်းများ သီးသန့်မရှိသည့်အတွက် အခက် အခဲများစွာနှင့် ရင်ဆိုင်နေကြရကြောင်း၊ ထို့ပြင် စစ်ဘေးရှောင် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အတွက်ဖြစ်သော ရိက္ခာများ သော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာအတွက် ဆေးဝါးများနှင့် ကုသမှု များ သော်လည်းကောင်း အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ − KNU – တပ်မဟာ (၆) တပ်ရင်း (၁၆) သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် BGF တပ်ဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article