ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မင်းတိုင်ပင်ကျေးရွာ ကင်းဝန်ဘုန်းကြီးကျောင်းရှိ ဆန်နှင့်ရိက္ခာများကို ဇီးဖြူကုန်း ပျူစောထီးများ၏ လှည်းများနှင့် ပျူစောထီးစခန်း အတွင်းကို ယူဆောင်သွားကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇီးဖြူကုန်း ပျူစောထီးရွာအတွင်း တပ်စွဲခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ ပျူစောထီးများနှင့်အတူ အင်အား ၁၄၀ ဝန်းကျင်ဖြင့် အနောက်တောင်အရပ်ရှိ နှောရိုးကျေးရွာမှ ဆန်နှင့် ရိက္ခာများကို ခိုးယူသွားကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းနားကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးစစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို လှည်းများဖြင့် ခိုးယူသယ်ဆောင်စဥ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ခန့်သည် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။