သရက်ချောင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ပြင်ဝန်းရွာရှိ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးများနှင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရငဲရွာထိပ်ရှိ မြွေတောင်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာနှင့် ကျောက်ခမောက်ရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်နေသည်မှာ ၃ ရက်ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး ပြည်သူများမှာ မိုးသည်းထန်နေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် စစ်ဘေးရှောင်နေရသည်မှာ ကမ်းခြေရွာများ ဖြစ်ပြီး ရက်ဆက်မိုးကြီးနေသည့်အတွက် ပြည်သူများမှာ စစ်ဘေးရှောင်ရန် ရေလမ်းကို အသုံးမပြုနိုင်ဘဲ နေရာထိုင်ခင်းအခက်အခဲများ ရှိနေကြာင်း၊ စစ်ကြောင်းထိုးရာတွင် အကြမ်းဖက်စစ်တပ်မှ ကျွဲမင်းကုန်းရွာရှိ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်းများလည်း လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် ကျွဲမင်းကုန်းရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်ရှိ ကတွဲရွာကို ဝင်ရောက်၍ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၍ လက်နက်ကြီးများနှင့် ပစ်ခတ်နေမှုကြောင့် စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက ထွက်ပြေးခဲ့ရသည့် တနင်္သာရီမြို့နယ် ပြင်ဝန်းရွာရှိ စစ်ဘေးရှောင်များမှာ လက်ရှိအချိန်တွင် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများက ပြောကြားသည်။
ပြင်ဝန်းရွာမှ စစ်ရှောင်များမှာ ရိက္ခာ ၂ ရက်စာခန့်သာ ကျန်တော့သည်ဟု သိရှိရပြီး ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင်များလည်း ရှိနေကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်မှ ပြင်ဝန်းရွာထဲသို့ သက်တင်ဘာ ၂၂ ရက်နေ့တွင် လက်နက်ကြီးများ အများအပြား ပစ်ခတ်ခဲ့၍ ပြင်ဝန်းရွာရှိ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း၊ ရိက္ခာအကူအညီလိုအပ်ချက်များအပြင် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် နေရာထိုင်ခင်းအခက်အခဲများရှိနေပြီး ထပ်မံ တိုးချဲ့သည်များကို လုပ်ဆောင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာလအတွင်း ကျေးရွာများဘက်သို့ လက်နက်ကြီးများနှင့် နေ့ည မရွေးပစ်ခတ်နေခြင်းဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်ရှိ အမြောက်တပ် ၃၀၆ မှ လက်နက်ကြီးပစ်ခတ်ခဲ့၍ မော်တုန်းရွာရှိ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

