ရန်ကုန်၊ မတ် ၂၂
မွန်ပြည်နယ် မော်လမြိုင်မြို့ ဝယ်ပေါင်ကျေးရွာတွင် မတ်လ ၁၈ ရက်နေ့ ညပိုင်းအချိန် နည်းပညာ တက္ကသိုလ် (မော်လမြိုင်)မှ ကျောင်းသားဟောင်း ကိုအောင်မင်းခန့်ကို စစ်တပ်က ဖမ်းဆီးကာ ၂ရက်အကြာ မတ်လ ၂ဝရက်နေ့တွင် စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း မော်လမြိုင်နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ကိုအောင်မင်းခန့်ကို မဖမ်းဆီးမီ မတ်လ(၁၈)ရက်နေ့ ၊ညနေပိုင်း၌ ဝယ်ပေါင်ကျေးရွာရှိ ဝပ်ရှော့တစ်ခုတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုအောင်ခန့်ဟိန်းနှင့် အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးကာ စစ်ကြောရေးသို့ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကိုအောင်မင်းခန့် ဖမ်းဆီး ထိန်းသိမ်းခံရစဉ်တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသခွင့်မရရှိသည့်အပြင် စစ်ကြောရေးတွင် ထပ်မံနှိပ်စက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဠ ကိုထွန်းအောင်ကျော်ကို မတ်လ ၂၁ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် တရားရုံးက ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထံမှ သိရသည်။
ထိုသို့ ထောင်ဒဏ်(၇)နှစ် ချမှတ်ခြင်းသည် တရားမျှတမှု မရှိသော အမိန့်ဖြစ်ပြီး အသက်၁၅နှစ်အရွယ် ကျောင်းသား ရဲဘော်ထွန်းအောင်ကျော်သည် အခြေခံပညာမှ ကျောင်းသားတစ်ဦးသားဖြစ်ပြီး စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတော်လှန်ခဲ့သော သမဂ္ဂကျောင်းသား တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်၏ အကြမ်းဖက် အမှုများဖြင့်စွဲချက်တင်ကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ပြီး ဖိနှိပ်ခဲ့ခြင်းဖြစ်ကြောင်း ဗကသ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
အလားတူတနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် အတွင်းရှိ ကျောက်လုံးကြီး ဘုရားအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသော ဦးစိုးသိန်းနှင့် ကိုမင်းဟိန်းတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်တွင် သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ကာ လက်ရှိချိန်ထိ အဆက်အသွယ် မရသေးဘဲ အသက်အန္တရယ် စိုးရိမ်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စစ်တပ်က အမျိုးသား ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးပြီးနောက် ထားဝယ် ဝဲကျွန်းခရိုင်ရုံး ကိုခေါ်ဆောင်သွားပြီး တပ်နယ်စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိချိန်ထိ ၎င်းတို့ ၂ဦး အခြေအနေနှင့် ပတ်သက်ပြီး အဆက်အသွယ် ပြတ်တောက်သွားကာ မိသားစုဝင်များက အသက်အန္တရာယ် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင် မအိမို့မို့မြတ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂၁ရက်နေ့ ညနေ ၄နာရီခန့်တွင် ၎င်းနေအိမ်၌ အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စစ်တပ်က မအိမို့မို့မြတ်ကို လာရောက်ဖမ်းဆီးစဉ်တွင် ၎င်းနေအိမ်၌ ကလေးငယ်များကို စာပြနေချိန်ဖြစ်ပြီး မအိမို့မို့မြတ်သည် သားဖွား သူနာပြု ဆရာမတစ်ဦးဖြစ်ကာ သူနာပြု အလုပ် ဆက်လက်လုပ်ကိုင်ခြင်းမရှိဘဲ သာမန် ဈေးရောင်းနေသူ တစ်ဦးသာဖြစ်ကာ စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။