ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာသစ် ဓာတ်အားခွဲရုံတွင် စစ်တပ်က တပ်စွဲပြီး နောက် ကန့်ဘလူ နှင့် တန့်ဆည်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးများ ဖြတ် တောက်ထား ၊ ကန့်ဘလူမြို့တွင် စစ်တပ်နှင့်ပျူစောထီးများက ခံတပ်များ ဆောက်လုပ်
ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း ငှက်ပျောတိုင်းရွာသစ် ဓာတ်အား ခွဲရုံ တွင် အကြမ်းဖက် စစ်တပ်က အထိုင်ချတပ်စွဲပြီးနောက် ကန့်ဘလူမြို့နယ်၊ ထန်းကုန်း တိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ် နှင့် တန့်ဆည်မြို့ နယ်တစ်ခုလုံးကို အောက်တိုဘာလ ၅ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးများဖြတ်တောက်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ငှက်ပျောတိုင်းလျှပ်စစ်ဓာတ်အားခွဲရုံဆို စစ်ကိုင်းတိုင်းတစ်တိုင်းလုံးက သူတွေ သိတယ်ဗျ။ သူတို့အဲဒီလျှပ်စစ်ဓာတ်အားခွဲရုံအနီးတပ်စွဲပြီးမှ မီးဖြတ်လိုက် တာ ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ် သတင်း ဌာန သို့ပြောကြားသည်။ �
�အကြမ်းဖက်စစ်တပ်က လျှပ်စစ်ဓာတ်အားခွဲရုံအနီး ခံတပ်တစ်ခုဆောက်လုပ်၍ အထိုင်ချတပ်စွဲနေခြင်းဖြစ်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားခြင်းကြောင့် ဒေသ ပြည်သူ များ စားသောက်ချက်ပြုတ်ရေးနှင့် စားဝတ်နေရေးအတွက် အခက် အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။
စစ်တပ်က ကန့်ဘလူတောင်ဘက်ခြမ်းကို ပိတ်ဆို့ဖြတ်တောက်မည့် အနေ အထား ဖြစ်ပြီး လတ်တလောတွင် စစ်ကြောင်းထိုးခြင်းမျိုး မရှိဘဲ ခံစစ်အထိုင် ချနေကြောင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ကင်းတပ်–ရွှေဘိုတူးမြောင်းအနီးရှိ ဇီးကုန်းမြို့အဝင်လမ်းဘေးမှ နေအိမ်များနှင့်ဆိုင်ခန်းများကို စစ်ကောင်စီနှင့်ပျူစောထီးများက အောက်တိုဘာလ ၆ ရက်နေ့မှစ၍ ဖြိုဖျက်ဖယ်ရှားကာ မြို့အဝင် တွင် ခံတပ်အချို့ ဆောက်လုပ်နေကြောင်း Infinity Group မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
“ကန့်ဘလူတောင်ခြမ်းကို ပိတ်ဆို့ဖြတ်တောက်မယ့်အနေအထားဗျ။ ဘာလို့ဆို အရင်က သူတို့မလုပ်ဖူးတဲ့အရာမျိုး ဇီးကုန်းမြို့အဝင်နားက အဆောက်အအုံ ဆိုင်ခန်းတွေဖျက်ပီး ခံစစ်ထိုင်တာမျိုးတွေ ဒီရက်ပိုင်း လုပ်လာတယ်။နယ်နဲ့မြို့ အကူးအသန်းကို ဖြတ်တောက်မယ့်အနေအထားဗျ”ဟု Infinity Group မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ကန့်ဘလူမြို့အဝင်တွင် စစ်တပ်က အထိုင်ချ၍ တပ်စွဲထားသည့်အတွက် ပြည်သူများမှာ မြို့ဘက်သို့ အရောင်းအဝယ်မသွားရဲကြတော့ကြောင်း၊ မီးဖြတ် ခံထားရသည့်အတွက် အခြေခံလိုအပ်ချက်မှ စ၍ စားဝတ်နေရေး ကျပ်တည်း နေကြောင်း၊ ရေရှည်တွင် ပိုမို၍ အဆင်မပြေဖြစ်နိုင်ကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။
ထို့ပြင် ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်နှင့်ဇီးကုန်း တိုက်နယ် အတွင်းကျေးရွာများမှ ကုန်ရောင်းကုန်ဝယ်ပြုလုပ်မည့် ဒေသ ပြည်သူများကိုလည်း ဇီးကုန်းမြို့တွင်းသို့ ဝင်ရောက်မည်ဆိုပါက သေနတ် ဖြင့်ပစ်သတ်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်ဘက်မှ ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း ဒေသပြည်သူများက ပြောကြားသည်။