ရန်ကုန်၊ မတ် ၂၂
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တောင်ဘက် ဆည်ကြီးကျေးရွာဘက်သို့ ဝင်လာသည့် အကြမ်းဖက် စစ်ကောင်စီကားနှစ်စီး မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၃၀ ကျော် သေကြောင်း ရေဦး PDF က သတင်းထုတ်ပြန်သည်။
“ရုတ်တရက်ဝင်လာတဲ့ချိန် ကျွန်တော်တို့က အဆင်သင့်ဖြစ်နေတဲ့အခါမှာ မိုင်းဆွဲပြီး လက်နက်ငယ် လက်နက်ကြီးနဲ့ ပစ်တာ။ လက်နက်ကြီးတစ်လုံးက ကံကောင်းချင်တော့ သူတို့ စစ်ခွေးတွေလိုက်လာတဲ့ Skat ကားအထဲထဲကို သွားပြီးတော့ ကွက်တိသွားကျတာ။ ကားဘီးတွေ ပေါက်၊ ကားက နောက်ဖုံးကြီးပါ တစ်ခါထဲ ပွင့်သွားတာ။ အဲဒီမှာ အလောင်းတွေ ထပ်ပြီးတော့ သူတို့ အလောင်းတွေတော့ သူတို့အပါမခံဘူး။ သူတို့အလောင်းတွေ ပြန်စုတင်ပြီးတော့ သွေးစက်လက်တွေနဲ့ မောင်းသွားတာ”ဟု ရေဦး PDF မှာ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ဘီးပေါက်သွားသော အကြမ်းဖက် စစ်ကောင်စီယာဉ် မောင်းပြေးသွားခဲ့ပြီး အဆိုပါ ကားနောက်ဖုံးတွင် သေနေသည့် စစ်ကောင်စီ အလောင်းများ အထပ်လိုက် မြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ဆည်ကြီးကျေးရွာနားတွင် ၎င်းတို့၏ မောင်းမရသည့် ကားကို ပြည်သူများ၏ ကားနှင့် လဲပြီး မောင်း၍ မရသည့် ကားများကို ထားခဲ့ကာ တော်လှန်ရေး ရဲဘော်များ၏ ဆိုင်ကယ် ၁၅ စီးကို မီးရှို့သွားကြောင်း ရေဦး PDF က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဦးPDF နှင့် ရေဦးပကဖ ပူးပေါင်းအဖွဲ့တို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
အလားတူု စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အရှေ့ဖက် တစ်မိုင်ခန့်အကွာ အင်းကုန်းကျေးရွာ လမ်းဆုံတွင် ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၁၁နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကား ၁စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေါင်းနက် နယ်စည်းမခြား ပြောက်ကြားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ဦး ပွဲချင်းပြီး သေဆုံးကာ ၈ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo Crd – AP