ရွှေကျင်မြို့နယ်ရှိ ချုံအင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၁၈
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ချုံအင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းနှင့် ရေကြည်ချောင်းတွင် ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ချုံအင်းကျေးရွာမှ ဦးဝင်းဌေးနှင့် ဒေါ်အေးမူတို့၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရပြီး ဦးဝင်းဌေး၊ ဒေါ်အေးမူနှင့် ဒေါ်မုန်းတို့ ထိခိုက် ဒဏ်ရာရရှိကာ နွား ၂ ကောင်သေဆုံးခဲ့ပြီး ကာလတန်ဖိုး ကျပ် ၃၅ သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။