ညောင်လေးပင်ခရိုင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ သံဃာ ၁ ပါး ထိခိုက် ဒဏ်ရာရရှိ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၇၈၆၀ ဦး ခန့် စစ်ဘေးရှောင်ထွက်ပြေးနေရ
ရန်ကုန်၊ နိုဝင်ဘာ ၄
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး သံဃာ ၁ ပါးထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၇၈၆၀ ဦးခန် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU (ဗဟို)က သတင်းထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၄၉ (ရွှေကျင်) နှင့် ခလရ-၂၆၄(ပိန်းဇလုပ်) ပူးပေါင်း တပ်များက အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ ပဲနွယ်ကုန်းမှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျီးပင်ပေါက်ကျေးရွာအထိ ဝင်ရောက်လာခဲ့ကာ ကျီးပင်ပေါက် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ပြေးမလွတ်၍ ပိတ်မိခဲ့သည့် ဒေသပြည်သူများကို ကျီးပင်ပေါက် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါ စစ်တပ် စစ်ကြောင်း ဝင်ရောက်ချိန်မှ စ၍ ခလရ-၂၆၄ ပိန်းဇလုပ်အခြေစိုက်တပ်စခန်း၊ ခမရ-၄၃၉ ကညွတ်ကွင်းအခြေစိုက်တပ်စခန်းနှင့် နတ်သံကွင်း၊ လည်ပတ်၊ ဆိပ်ကြီးမှ အခြေချသော စစ်ကောင်စီတပ်များက မုန်းမြို့နယ်ရှိ စစ်တောင်းမြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ပစ်ခတ်ခြင်းများကို ပြုလုပ်နေကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအချိန်အထိ မုန်းမြို့နယ်တွင် ခမရ-၄၃၉တပ်က ကျေးရွာများအတွင်းသို့ ဟောင်ဝစ်ဇာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဥသျှစ်ကုန်း ကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာကြားတွင် ၂ လုံး၊ သောင်ကြီးကျေးရွာတွင် ၂လုံး၊ ဝက်တူးအနောက်ကျေးရွာတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဝက်တူး ကျေးရွာ ကျရောက်ပေါက်ကွဲမှုတွင် သံဃာတော် ၁ ပါး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတစ်ဦး၏ နေအိမ် ပျက်စီးခဲ့ကြောင်း ၊ ညနေ ၅ နာရီ ၅ မိနစ်တွင်မူ ကညွတ်ကွင်းအရှေ့ ဝက်တူးရွာအနီးသို့ Mi-35 Attack Helicopter ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၃ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်၏ ခမရ-၃၀၇ ရွှေဝါတပ်ရင်းမှ နံနက် ၆ နာရီခွဲအချိန်မှ စ၍ ကျေးရွာများအတွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂ မမ ကို ပစ်ခတ်ခဲ့ကြောင်း၊ ကျီးပင်ပေါက်ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာမြောက်ဘက် ပျဉ်းမပင်ကျေးရွာသို့ သွားရာ လမ်းတွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပျဉ်းမပင်မှ လက်တက်ကြီးကျေးရွာသို့ စပါးရိတ်ရန် သွားသော အသက် ၄၅ နှစ်အရွယ် ပျဉ်းမပင်ရွာသား တီးသေးဝါး သည် ကျည်စထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီမှ စ၍ ခမရ ၄၃၉ တပ်ရင်းမှ ဟောင်ဝစ်ဇာ ၁၅၅ မမ လက်နက်ကြီးများကို ကျီးပင်ပေါက်ကျေးရွာသို့ ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများကို အတည်ပြုဆဲဖြစ်ကြောင်း ၊ စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးများ၊ လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်နေခြင်းကြောင့် မူးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ရေလဲ (အနောက်ဘက်ကမ်း)၊ သောင်ကြီး၊ ကျီးပင်ပေါက်၊ ရေလဲ(ဗမာ)၊ ဝက်တူး၊ သင်္ကန်းပင်၊ ပျဉ်းမပင်၊ ဥသျှစ်ကုန်းကျေးရွာ၊ ရေတွင်းကုန်းကြီးကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ကင်မွန်းခြုံ၊ ဝက်တူး(အနောက်)၊ ပျဉ်းမပင်၊ ကွေ့တန်းရှည်စသည့်ကျေးရွာများမှ ပြည်သူ စုစုပေါင်း ၇၈၆၀ ဦး ခန့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။