ရန်ကုန်၊ မတ် ၂၆
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဝေါ်လေမြို့နယ်ခွဲအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ယမန်နေ့ မတ်လ ၂၅ ရက် ညပိုင်းတွင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီက ဗုံးကျဲသွားသည့် နေရာများတွင် မြေကျင်းကြီးများ ဖြစ်ပေါ်သွားကြောင်း သိရှိရပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်က သီးခြား အတည်မပြုနိုင်သေးပေ။
ဝေါ်လေမြို့နယ်ခွဲအတွင်းရှိ KNDO လုံခြုံရေးတပ်ရင်းနယ်မြေအတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များက အတည်ပြုသည်။
မတ်လ ၂၅ ရက်နေ့ နံနက်တွင် စစ်ကောင်စီ၏ ထီးကပလယ်စခန်းကို KNLA၊ KNDO ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိကုက်မှုများကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။