မုံရွာမြို့နယ် မုံရွာ-မန္တလေးကားလမ်းပေါ်တွင် အင်အား ၃၅ ဦးခန့် အခြေပြုတပ်စွဲထားသော မြပုလဲစစ်ကောင်စီဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု အလောင်း ၁၄ လောင်းနှင့်လက်နက်များ သိမ်းဆည်းရရှိ၊ တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-မန္တလေးကားလမ်းပေါ်တွင် အင်အား ၃၅ ဦးခန့်ဖြင့် အခြေပြုတပ်စွဲထားသော မြပုလဲစစ်ကောင်စီဂိတ်စခန်းကို တိုက်ခိုက်ရာ အလောင်း ၁၄ လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိပြီး တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ် အချိန် ချောင်းဦးမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မုံရွာ – မန္တလေးကားလမ်းပေါ်ရှိ အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီး တစ်ဦး ဦးစီးသော ရဲ၊ စစ်တပ်နှင့် ကန့်ဘလပျူစောထီး ဝါသဝ၏ လက်ကိုင်တုတ်ပျူစောထီးများ စုစုပေါင်းအင်အား ၃၅ ဦးခန့် အခြေပြုတပ်စွဲထားသော မြပုလဲစစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦးသည် ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားကြပြီး နံနက် ၆ နာရီတွင် စခန်းကို အပြီးသတ် သိမ်းဆည်းရရှိကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်သား အလောင်း ၁၄ လောင်း နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။
စစ်ဆင်ရေးတွင် မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ညွှန်ကြားမှုဖြင့် မုံရွာခရိုင်အမှတ် ၆ တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ KG(II)၊ Immortal Guerilla Force (IGF-Monywa)၊ မုံရွာခရိုင် ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းအဖွဲ့၊ BGF ပူးပေါင်းအင်အား (၈၀) ဦးတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ကတုတ် ဘန်ကာအခိုင်အမာဖြင့် ခုခံနေသော စစ်တပ်ကို ကျည်ကွယ် မျက်ကွယ်မရှိသည့်ကွင်းပြင်မှ ထိုးဖောက်ဝင်ရောက်၍ လုံးထွေးချေမှုန်းခဲ့ရသဖြင့် မုံရွာခရိုင်တပ်ရင်း ၆ မှ ရဲဘော် ၂ ဦး၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHUPDF) မှ ရဲဘော် ၃ ဦး၊ ဆေးတပ်ဖွဲ့မှ ရဲဘော် ၁ ဦး နိုင်ငံတော်အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖော်ဆောင်နေစဉ်အတွင်း စစ်တပ်၏စစ်ကူလမ်းကြောင်းဖြတ်တောက်ရေးအတွက် ကူညီတိုက်ခိုက်ပေးသော Peace Takers Task Force-PTTF ကို ကျေးဇူးအထူးတင်ရှိကြောင်း မြို့နယ် ပကဖ (ချောင်းဦး)က ပြောသည်။


