25 C
Yangon

အုတ်ဖိုရှိ သရက်နှစ်ဖျားလိန်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ်ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင်လည်း စစ်တပ်က စက်လှေများကို ဓားပြတိုက်ယူပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေ

Must read

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ သရက်နှစ်ဖျားလိန်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က သရက်နှစ်ဖျားလိန်ရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

” ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်ခွေးတွေက သရက်နှစ်ဖျားလိန်ရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ကျောင်းဆောင်တစ်ခုလုံး ပျက်ဆီးသွားတယ်။ ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မေလ ၂၁ ရက်နေ့မှ စတင်ပြီး အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်လှေများကို ဓားပြတိုက် လုယူပြီး ပြည်သူများကို ဖမ်းဆီး ရိုက်နှက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့တွင် နတ်တလင်းမြို့နယ် တောင်ညိုဆည် မကျီးပင်စက်လှေဆိပ်တွင် စက်လှေအကြီး ၁ စီးကို စစ်တပ်က လာရောက် ဓားပြတိုက်ယူဆောင်သွားကြောင်း၊ ထို့ပြင် မေလ ၂၀ ရက်နေ့ကလည်း တောင်ညိုဆည် အနီးတွင် အကြမ်းဖက် စစ်တပ်က စက်လှေ ၁၀ စီးကိုလည်း ဓားပြတိုက်ယူဆောင်သွားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် နတ်တလင်းမြို့နယ် အတွင်း အင်အားစုဖွဲ့နေပြီး တောင်ညိုဆည် အထက်ပိုင်းရှိ ကျေးရွာများကို စက်လှေများဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းကလည်း စိတ်ရောဂါ ခံစားနေရသည့် ဘန့်ဘွေးကုန်းရွာသား ကိုခင်မောင်ဝင်းသည် ငွေကျပ် ၃ သိန်းကိုင်ဆောင်၍ ကျောက်ခွက်ရွာကို ဈေးဝယ်ရန် ထွက်လာစဉ် လမ်းပိုင်းတနေရာ၌ စစ်သားများက ဖမ်းဆီးပြီး သွားကျိုးသည်အထိ ရိုက်နှက်ကာ ပြန်လွှတ်ပေးခဲ့သော်လည်း ငွေကျပ် ၃ သိန်းကို ဖုန်းကို ယူဆောင်သွားကြောင်း၊ ယမန်နေ့ မေလ ၂၂ ရက်နေ့တွင်လည်း ကိုခင်မောင်ဝင်းသည် ကျောက်ခွက်ရွာကိုဈေးဝယ်ရန် ထပ်မံသွားရောက်စဉ် စစ်သားများ ဖမ်းဆီးပြီး ကိုင်ပေါက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“နတ်တလင်းမှာ စစ်ခွေတွေက စက်လှေတွေကို လိုက်သိမ်းပြီး ရေကြောင်းကနေ စစ်ကြောင်းဖို့ ပြင်ဆင်နေတဲ့ အခြေအနေရှိတယ်။ နောက်ပြီး စိတ်ရောဂါ ခံစားနေရသည့် ဘန့်ဘွေးကုန်းရွာသား ကိုခင်မောင်ဝင်း ကို စစ်ခွေးတွေက ၂ ခါတောင် ဖမ်းဆီးပြီး ရိုက်နှက် ကိုင်ပေါက်လိုက်တာ သွားပါကျိုးသွားတယ်။ ပြည်သူတွေကို ခွေးတွေက အကြောင်းမဲ့ နှိပ်စက်နေတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article