ရန်ကုန်၊ မေ ၂၃
အကြမ်းဖက် အောင်လင်းဒွေးနှင့်ခင်ရီတို့ ဦးဆောင်နေသည့် အကြမ်းဖက် လွှတ်တော်များက မင်းအောင်လှိုင်ကို သမ္မတအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုရန်၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေး တောင်းဆိုကြမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လာမည့် ဇွန်လ ၂ ရက်နေ့ နေပြည်တော်တွင် အကြမ်းဖက် လွှတ်တော်အစည်းအဝေးများ ပြန်လည် စတင်မည် ဖြစ်ကြောင်း ကြေညာထားပြီး ယင်းလွှတ်တော်အစည်းအဝေးများတွင် လက်ရှိ မြန်မာ နိုင်ငံအတွင်း ပေါ်ပေါက်လာသော အစိုးရနှင့် လွှတ်တော်များမှာ လူထု ရွေးကောက်တင်မြှောက်ထားသော အစိုးရနှင့် လွှတ်တော်များဖြစ်ကြောင်း၊ ထို့ကြောင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုရန်၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ အပါအဝင် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးရေး တောင်းဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိ လွှတ်တော်နဲ့ အစိုးရဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာဖြစ်လို့ အာဆီယံရော၊ နိုင်ငံ တကာကရော အသိအမှတ်ပြုဖို့၊ သမ္မတနဲ့အစိုးရကို တရားဝင်မှု ပေးဖို့၊ ပိတ်ဆို့တာတွေ ဖယ်ရှားပေးဖို့ လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ အဆိုတင်တာ၊ ဆွေးနွေးတာ၊ ဆုံးဖြတ်တာတွေလုပ်ကြမယ်။ နိုင်ငံရေးအရ လှုပ်ရှားမှုတွေမှာ လွှတ်တော်အခန်းကဏ္ဍက ပါဝင်မယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြန်ထားသော ရက် ၁၀၀ စီမံချက်ဖြင့် အပစ်ရပ်ရေးနှင့် ငြိမ်း ချမ်းရေး တောင်းဆိုမှုများကိုလည်း အကြမ်းဖက် လွှတ်တော်များက ထပ်မံ ပံ့ပိုးဝန်းရံသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အောင်လင်းဒွေးနှင့်ခင်ရီတို့ ဦးဆောင်နေသော အကြမ်းဖက် လွှတ်တော်များက နိုင်ငံတကာ လွှတ်တော်များနှင့်ချိတ်ဆက်၍ တရားဝင်မှုရရှိရေးကိုလည်း ဆောင်ရွက်ရန် ဆွေးနွေးနေကြကြောင်း သိရှိရသည်။
လက်ရှိ အကြမ်းဖက် လွှတ်တော်များက စစ်တပ်က ကျင်းခဲ့သော အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွန်းလာခြင်းဖြစ်ပြီး ယင်း ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်တွင် ၂၃၁ နေရာနှင့် အမျိုးသားလွှတ်တော် ၁၀၈ နေရာ၊ စုစုပေါင်း ၃၃၉ နေရာ ရရှိသည်ဟုဆိုကာ ဖွဲ့စည်းထားသော အကြမ်းဖက် အတုအယောင် လွှတ်တော်များဖြစ်သည်။




