စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး ပြာကျ၊ စစ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွား
ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇ လုံး ပြာကျသွားပြီး စစ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရှိကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း 69 bumar Ranger အဖွဲ့ကမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာ ပကဖ ခေါင်းဆောင် နေအိမ် အပါအဝင် ပြည်သူပိုင်နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နေအိမ်များအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားပြီး စစ်သားများက သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” မနေ့က နံနက်ခင်းက စစ်ခွေးတွေ ရွာမကျေးရွာကို ဝင်စီးပြီး ပကဖ ခေါင်းဆောင် နေအိမ် အပါဝင် ပြည်သူနေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေထဲက တန်ဖိုးရှိတာတွေအကုန်ယူသွားတယ်။ ပြည်သူ ၁ ဦးလည်း စစ်ခွေးတွေ ရမ်းသမ်း ပစ်ခတ်လို့ လက်ကျည်ထိမှန်ခဲ့ပြီး ဆေးရုံတက်နေရတယ်။ စစ်ခွေးတွေပစ်လို့ နွား ၁ ကောင်လည်း ကျည်မှန်ပြီး သေတယ်” ဟု 69 bumar Ranger အဖွဲ့ကမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


