26 C
Yangon

လောက်ကိုင်မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူများပြား

Must read

လောက်ကိုင်မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူများပြား

■ ဒဏ်ရာရ ပြည်သူများ ဆေးကုသခွင့် မရဘဲ မြို့ပြင်၌ နေထိုင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လောက်ကိုင်မြို့အတွင်းဝင်ရန် စောင့်ဆိုင်းနေသော သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ အများအပြား ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

“ပြန်မလို့လုပ်နေတာ အရှေ့မှာလည်း လမ်းက မဖွင့်ပေးဘူး ။ လက်နက်ကြီးတွေ အများကြီးပဲ ။ ပထမတော့ ဘေးကို ကျတာ နောက်တော့ လူရှေ့တည့်တည့်ကို လက်နက်ကြီးတွေ အများကြီးပဲ။ ပြည်သူတွေ တချို့ဆို ကားတွေလည်း မီးလောင် ဆိုင်ကယ်တွေလည်း မီးလောင် လူလည်း မီးလောင်ပြီး သေဆုံးတဲ့ လူလည်း ရှိတယ်။ လက်ပြတ် ခြေပြတ်တွေ အဲဒီလိုမျိုးတွေ ဖြစ်တယ်ဗျာ” ဟု လက်နက်ကြီး ကျသည့်နေ့တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က လူအုပ်ကြီးကြားထဲကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ပစ်ကွင်းအတွင်း ၆ ရက်ခန့် ပိတ်မိနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ပထမပြည်သူတွေ ဘေးနားကို အရင်ဆုံးတစ်လုံး ကျတယ်။ အဲဒါက အနည်းဆုံး ၃ ယောက်လောက်လား ထိတယ်။ နောက် ရှေ့ဆုံးက လူတွေရော အလယ်က လူတွေရော ထိတယ်။ သေဆုံးတဲ့ လူ ဒဏ်ရာရတဲ့ လူ မနည်းဘူး အတော်များတယ် လက်နက်ကြီးထိတာ ။ အားလုံးပေါင်း ၂၅ ယောက် လောက်ရှိတယ်။ ကျွန်တော်တို့လည်း ကံကောင်းလို့ လွတ်သွားတာ။ သူတို့က ပြည်သူတွေ ရှိရာ သိသိကြီးနဲ့ သူတို့ ပစ်ချတာပေါ့။ အဲဒီနေ့ကဆို ပြည်သူတွေ အယောက် ၂ သောင်း၊ ၃ သောင်းလောက်ရှိတယ် အများကြီးပဲ။ အခုလည်း တိုက်ပွဲက ဖြစ်နေတုန်းပဲ လက်ကိုင်ဘက်က လေယာဉ်တွေ ဒုံးတွေ လက်နက်ကြီးတွေနဲ့ အကုန်ပစ်တာ။ အခုချိန်ထိ ပစ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်နက်ကြီးကြောင့် ဒဏ်ရာရ ပြည်သူများကို ဆေးကုသရန်အတွက် ဆေရုံကားခေါ်သော်လည်း လက်ရှိအချိန်အထိ ခေါ်၍ မရသေးကြောင်း၊ လက်ရှိအချိန်တွင် လောက်ကိုင်မြို့ရှိ ပြည်သူ အချို့မှာ မြို့ထဲသို့စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း မြို့ပြင်နားရှိ အိမ်များတွင်လည်း နေထိုင်သူများရှိကြောင်း၊ တိုက်ပွဲများမှာ တောက်လျှောက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်များ ဒုံးများ အသုံးပြု၍ ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးထိခိုက်၍ ထိခိုက်ဒဏ်ရာရရှိသည့် လူနာ တချို့မှာလည်း မြို့ထဲသို့ ဆိုင်ကယ်နှင့် ပြန်သယ်၍ မရသည့်အတွက် မြို့ပြင်ရှိ နေအိမ်အချို့တွင် အဆင်ပြေသလို ကြောက်လန့်တကြား နေထိုင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article