ရန်ကုန်၊ မတ်လ ၂၇
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီနေ့ မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ အမျိုးသမီးများ၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂကျောင်းသူ/သားများနှင့် လူငယ်များ ပါဝင်ခဲ့ကြပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “တောင်းတန်မြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
၁၉၄၅ ခုနှစ်၊ မတ်လ ၈ရက်နေ့မှာ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာသား ဗိုလ်မှူးကြီးဗထူး ဦးဆောင်တဲ့ တပ်တွေက ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့ပြီး မတ်လ ၂၇ရက်နေ့မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေး စတင်ဆင်နွှဲခဲ့ပါတယ်။ အဲဒါကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မတ်လ ၂၇ရက်နေ့ကို “တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
၁၉၅၅ ခုနှစ်အရောက်မှာတော့ အာဏာရှင် ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အုပ်စုက မတ်လ ၂၇ရက်နေ့ကို “တော်လှန်ရေးနေ့” အဖြစ်မှ “တပ်မတော်နေ့” အဖြစ် မတရားပြောင်းလဲ သတ်မှတ်ခဲ့ကြတယ်။