ပလက်ဝရှိ စစ်တပ်၏ ဗျူဟာ စခန်း ၂ ခုကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေ၊ ကျောက်မဲရှိ စစ်တပ်၏ ၅၀၂ တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ပလက်၀မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဗျူဟာစခန်း ၂ ခုကို ရခိုင်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီ ခန့်မှ စတင်ပြီး ပလက်ဝမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အခိုင်အမာနေရယူထားသော တရွန်အိုင် ဗျူဟာ နှင့် နှုးဘူးဗျူဟာ အထိုင်ချ ဗျူဟာ တပ်စခန်း ၂ ခုကို ရခိုင်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ပြီး လက်နက်ကြီး ပစ်ကူ အမြောက်အမြားဖြင့် ပစ်ခတ်နေသော်လည်း ရခိုင်တပ်တော် တပ်ဖွဲ့ဝင်များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၂ တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၂ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့၌ နောင်ချိုမြို့နယ်၊ ဂုတ်တွင်း အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် ၁ ကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
