ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၇ ဦးသေဆုံးကာ ပြည်သူ ၂၂ ဦးကျော်ကို အကြောင်းမဲ့ဖမ်းဆီးထား
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၇ ဦးသေဆုံးကာ ပြည်သူ ၂၂ ဦးကျော်ကို အကြောင်းမဲ့ဖမ်းဆီးထားကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၀ က ဆင်ပြင်ကြီးရွာအတွင်းကို လက်နက်ကြီး ၈ လုံး ထက်မနည်း ပစ်ခတ်ခဲ့ရာ အသက် ၂၀ အရွယ် ကိုဆွေယောတ်ဟူဆော၊ အသက် ၂၅ နှစ်အရွယ် ကို မာမောက်အာလောမ်နှင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ဆော်မူဒါ တို့သေဆုံးခဲ့ကြောင်း သိရသည်။
ယင်း လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကားသမား ၂ ဦးသေဆုံးကာ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီကျော်ခန့်တွင် မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီး ညောင်ပင်ချိုင့်ကွင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၄ နှစ်အရွယ် ဦးကျော်သိန်းဖြူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မောင်တောမြို့နယ်၊ သင်္ဘောလှရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇ နှစ်အရွယ် မောင်ကျော်စိုးနိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် ကျော်တော်မြို့နယ်၊ အပေါက်ဝရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၃ နှစ်အရွယ် ဒေါ်မသန်းကျော့နှင့် အသက် ၇၂ နှစ်အရွယ် ဦးအောင်ကျော်စိုးတို့သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ် ဒေါ်ရွှီနုနဲ့ ၁၃ နှစ်အရွယ် မဝင်းဝင်းလှိုင် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီခန့်ကလည်း မင်းပြားမြို့၊ ကျွန်းညိုရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း အသက် ၂၅ နှစ်အရွယ် မမိမိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်တွေမြို့၊ ရွာသာယာကျေးရွာရှိ ငါးစင်ရိုင်းချောင်း၊ ဘုန်းကြီးကျောင်း စစ်ရှောင်စခန်းမှ အသက် ၅၉ နှစ်အရွယ် ဦးဘလှိုင် ၊ အသက် ၁၇ နှစ်အရွယ် မောင်ကျော်နိုင်ဌေး ၊ အသက် ၅၃ နှစ်အရွယ် ဦးကျော်သန်းမောင် နှင့် ရွာသာယာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်နေဆန်းလင်း ၊ အသက် ၁၄ နှစ်အရွယ် မောင်သိန်းစိုး ၊ အသက် ၂၈ နှစ်အရွယ် ကိုကောင်းမြတ် တို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
အလားတူ ကျောက်ဖြူမြို့နယ်ရှိ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရီးမှူး အသက် ၅၆ နှစ်အရွယ် ဦးသန်းလှိုင် ၊ အနောက်ပိုင်းရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ဦးနဂါး ၊ သမ္ဗာန်ချောင်းရွာမှ အသက် ၆၇ နှစ်အရွယ် ဦးဘကြည်နှင့် အိမ်ဆောက် ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝီလီယမ်ရို့ကိုလည်း ဖမ်းဆီးသွားကြောင်း၊ တောင်ကုတ်မြို့နယ်ရှိ ငွေတောင်စတိုးဆိုင်ပိုင်ရှင် ကိုမောင်ချေ၊ စိုးမိုးဆီဆိုင်ပိုင်ရှင် ကိုပေါက်စ၊ ဆိုင်ကယ်ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင် ကိုအောင်အောင်၊ ရွှီပြည်တန်ဂိတ်မှူး ကိုအောင်မင်း၊ ကိုကျော်လှိုင်၊ ကိုအေးလွှင်၊ ကိုအောင်လင်း၊ ဦးကိုလေး၊ ကိုစိန်ဝင်းကြိုင်၊ ကိုသန့်စင်ဖြိုးနှင့် ကိုမောင်မောင်စိုး တို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့ပြင် သံတွဲဒေသ ပြည်သူ ၁ ဦး နှင့် စစ်တွေမြို့က ရပ်ကျေး အုပ်ချုပ်ရေးမှူး တချို့အပါအဝင် ဒေသပြည်သူ ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။