သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ် သထုံခရိုင်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန် တပ်ရင်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သဲကုန်းရွာနှင့် သုံးအိမ်စုရွာ အကြား ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည်စထိမှန်ကာ သုံးအိမ်စုရွာမှ အသက် ၆၀ နှစ်အရွယ် ဦးဖားကလော ထိခိုက် ဒဏ်ရာရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၂၀၆ တပ်ရင်းက လက်နက်ကြီး ၃ လုံး၊ ပိန္နဲတောစခန်းက လက်နက်ကြီး ၁ လုံး၊ ခမရ-၉ တပ်ရင်းက လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ပိန္နဲတော တပ်စခန်းမှ ကျေးရွာများ အတွင်းကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ မင်းလွင်ကျေးရွာ၊ ပိန္နတော အထက်ရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျည်စထိမှန်ကာ အသက် ၇၃ နှစ်အရွယ် တီးထစ်နူး နှင့် အသက် ၄၆ နှစ်အရွယ် စောစိုးဝင်းနိုင်တို့ သေဆုံးခဲ့ကြောင်း၊ အသက် ၇၂ နှစ်အရွယ် ယားကေနောနှင့် အသက် ၃၂ နှစ်အရွယ် စောသက်နိုင်တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၈ ပိန္နဲတောတပ်စခန်းက သထုံမြို့နယ်၊ မင်းလွင်ကျေးနယ်ရှိ ကျေးရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး ဝမ်းဘဲအင်းရွာအတွင်းကို လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲပြီး အသက် ၆၀ နှစ်အရွယ် ယားပေါမုနှင့် အသက် ၄၈ နှစ်အရွယ် နော်ညွှန့်သန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၇ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်- ၈ ခြေလျင်တပ်ရင်းမှ ကဒီပုကျေးနယ်ရှိ ကျေးရွာများအတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ ကဒီပုကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ နွား ၃ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်-(၉) ခြေမြန်တပ်ရင်းက လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးနယ်နှင့် ဝီလျော်ကျေးနယ် အတွင်းရှိ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး ၂ လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး မိချောင်းအိုင်မှ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။