ဆားလင်းကြီးရှိ ကျားတက်ရဲစခန်းမှ စျေးဝယ်ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ကျားတက်ရဲစခန်းမှ စျေးဝယ်ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း Salingyi Special Task Force – SSTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျားတက်ရဲစခန်းအတွင်းမှ အကြမ်းဖက်စစ်သားနှင့် ရဲ ၁၅ ဦးခန့်သည် ဈေးဝယ်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြောက်ကျားစနစ်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းမှူး ရဲနိုင်လင်းအပါအဝင် ရဲ ၄ ဦး ၊ စစ်သား ၃ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၁ လက်၊ G4 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါ F9 ဗုံးသီး ၁ လုံး တို့အပါအဝင် ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရဲစခန်းအတွင်း၌ ကျန်ရှိနေသော စစ်သား၊ ရဲများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး မုံရွာ နမခ တပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့သည့်အပြင် ပုလဲမြို့သို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကြောင်းမှလည်း စစ်ကူလာရောက်ပေးခဲ့ ကြောင်း သိရသည်။
” Mission ဆောင်ရွက်တာက စခန်းသိမ်းမဟုတ်ဘူး။ ပြောက်ကျား Mission ဆောင်ရွက်တာပါ။ ရဲစခန်းက Drone နဲ့ပဲ လုပ်တာ ရွာထဲမှာ Mission လုပ်နေတုန်း စခန်းမှာ ကျန်ရှိနေတဲ့ စစ်ခွေးတွေ ထွက်မလာအောင် Drone နဲ့ ပတ် ချတာပေါ့” ဟု Salingyi Special Task Force – SSTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)PDAF ကောင်းကင်သူရဲကောင်း ညီနောင်၂ဖော်တို့မှ ဗုံးကျဲခြင်း၊ မြေပြင်ပြောက်ကျားတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခြင်း တို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်ခွဲမှူး တစ်ဦး ခြေထောက်လက်နက်ကြီးအစ အနည်း ထိ မှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၁ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ Salingyi Special Task Force – SSTF အနေဖြင့်လည်း မဟာမိတ်ညီနောင်များ၊ အညာဒေသမှ သူရဲ ကောင်းရဲဘော်များနှင့်အတူ ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များလုပ်ဆောင်လျက်ရှိပြီး Federal Democracy နှင့်အတူ ဝေးကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံ ဆည်းနိုင်ရန်၊ စစ်အာဏာရှင် စနစ် အမြန်ဆုံး အမြစ်ပြတ်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီအမြန်ဆုံးရရှိစေရန် အတွက် လက်တွဲ ညီညီ ဆောင် ရွက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း မလျော့သောဇွဲဖြင့် ဆက်လက်ပါဝင် ထောက်ပံ့မှုများပြုပေးကြရန် အသိပေးမေတ္တာရပ်ခံထားသည်။