တောင်ငူနှင့် ထန်းတပင်မြို့နယ်ကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး ၊ စစ်ဘေးရှောင်ပြည်သူများ ပိတ်မိနေ
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ၄ မိုင်ရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးအနားမှ ကျေးရွာများကို ပစ်ခတ်ရာ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှစတင်ပြီး ခလရ ၃၉ တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ယင်းနောက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကြောင့်၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် တောင်ငူမြို့နယ်၊ စပါး လင်ကုန်းကျေးရွာမှ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ရဟတ်ယာဉ်ပေါ်ကနေ ပစ်တာက စပါးလင်ကုန်းရွာသား ၂ ဦးသေတယ်။ တောင်ငူမြို့နယ် ကယာပြုံးချောင်းရွာ၊ရှမ်းပြုံးချောင်းရွာ၊ စပါးလင်ကုန်းရွာ၊ ကျွဲတဲရွာတွေကို Mi35 ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်နေတယ်။ ထွက်ပြေးလာတဲ့ပြည်သူတွေကို အမှတ် ၃၉ ခြေလျင်တပ်ရင်ရှေ့ကနေ စစ်တပ်က ပိတ်ထားတယ်။ စစ်တောင်းတံတားကလည်းပိတ်ထားတယ်။ ပြေးစရာမြေမရှိ။ မြို့ပေါ်လဲရှောင်မရဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သည့်အပြင် လက်နက်ကြီးများဖြင့် ပါပစ်ခတ်သဖြင့် ခလရ ၃၉ တပ်ရင်းအနီးရှိ ကျေးရွာများထဲသို့ ကျရောပေါက်ကွဲမှုများဖြစ်ပါ်နေကြောင်း သိရှိရသည်။
”အခြေအနေက အတော်ဆိုးပါတယ် တောင်ငူမြို့ထဲ ဘယ်လိုမှ ဝင်လို့မရတော့ပါဘူး လမ်းတွေ အကုန်ပိတ်ထားပါတယ် ။ နေအိမ်တွေထဲ ထိ ကျည်တွေ ဝင်ရောက်နေတယ်။ လေယာဉ် နဲ့လည်း တောက်လျှောက် ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့ဆိုး အရှေ့ဘက်ရွာများကို ယနေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် ရဟတ်ယာဉ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သွားကြောင်း သိရှိရသည်။
“စစ်တောင်းမြစ်ဘေး ရွာတွေကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်သွားတယ်။ ငါးဆီးလှောင်၊ စမွှတ်၊ ဇလုပ်ကြီး၊ မညိမ်းစု သောင်မုရှောင်၊ ဂွေ့ကြီး၊ သက်ကယ်ကုန်း စတဲ့ ရွာတွေကို ပစ်တာ။ ရဟတ်ယာဉ်နဲ့” ဟု ထန်းတပင်မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- တောင်ငူမြို့ အဝင် ဂိတ်တစ်ခုကို ယနေ့ မွန်းတည့်ပိုင်းတွင် ပိတ်ဆို့နေစဉ်။