စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေးနှင့် တစ်နိုင်ငံလုံး ဟန်ချက်ညီ စစ်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်း ဖော်ဆောင်သွားမည်ဟု ABSDF ပြောဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – မကဒတ (ကျောင်းသား တပ်မတော်) အနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေးနှင့် တစ်နိုင်ငံလုံး ဟန်ချက်ညီ စစ်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်း ဖော်ဆောင်သွားမည်ဟု ABSDF ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် ကျော်ကျော်လင်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းသွားနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ မဟာ မိတ်ရေးရာများကို တိုးမြှင့်အကောင်အထည်ဖော်၍ စစ်အာဏာရှင်များအား ဘက်ပေါင်းစုံမှ ဖိအားပေး နိုင်ရေးကို အစွမ်းကုန် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မကဒတ (ကျောင်းသား တပ်မတော် အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအတွင်း တနိုင်ငံလုံးဟန်ချက်ညီ စစ်ရေးအရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ABSDF ၁၂ ကြိမ်မြောက်ညီလာခံထုတ်ပြန်ချက် တွင်အသိပေးထားသည်။
“လက်ရှိ ကျနော်တို့တပ်တွေက ကချင်ပြည်နယ်မှာရှိပါတယ်၊ ရှမ်းပြည်နယ်မှာ တချို့ရှိပါတယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ ကျနော်တို့ ရဲဘော်တွေ ရှိပါတယ်၊ ကျနော်တို့အဖွဲ့အစည်းစတင်တည်ထောင်စဉ်ကတည်းက ရှိနေတဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန် ရေး တပ်တွေနဲ့အတူ နွေဦးကာလမှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာရှိပါတယ်၊ ကျနော်တို့ နွေဦးကာလကနေစပြီးတော့ အခုချိန်အထိကို တိုက်ပွဲပေါင်း ၃၀၀ နီးပါးလောက် ဖော်ဆောင် ထားပြီးဖြစ် ပါ တယ်၊ ရှေ့လျှောက်ပြီးတော့လည်း လက်ရှိဖြစ်နေတဲ့ စစ်ရေးအရှိန်အဟုန်နဲ့ အတူ ဆက်ပြီး တော့ပါ ဝင်နေမှာပါဗျ၊” ရဲဘော်ကျော်ကျော်လင်း က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မကဒတ(ကျောင်းသားတပ်မတော်)သည် နွေဦးတော်လှန်ရေးနှင့်အတူ မျိုးဆက်သစ်များကို လေ့ကျင့် စုဖွဲ့မှု များ ပြုလုပ်နိုင်ခဲ့ပြီး စစ်ကြောင်းများ၊ အလုပ်အဖွဲ့များစုဖွဲ့ကာ ဒေသအသီးသီးတွင် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော လက်နက် ကိုင် တိုက်ပွဲ နှင့်လူထုတိုက်ပွဲ တိုက်ပွဲဝင်အင်အားစု များ အတူလက်တွဲကာ အကြမ်းဖက်စစ်ကောင်စီကို လက်တွေ့တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း မကဒတ အနေဖြင့် တိုက်ပွဲပေါင်း ၂၈၀ ကျော် ဆင်နွှဲခဲ့ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးခဲ့ကာ ၅၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)၏ ၁၂ ကြိမ် မြောက် ညီလာခံကို နိုဝင်ဘ၁ ၁ ရက်မှ ၁၇ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့ပြီး မကဒတ (ကျောင်း သားတပ်မတော်) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများ၊ စစ်ဒေသ များ၊ နယ်မြေအလုပ်အဖွဲ့များမှ ကိုယ်စား လှယ်များ၊ ဥပဒေအရ တက်ရောက်ခွင့်ရှိသူများ နှင့် လေ့လာ သူများ အပါအဝင် စုစုပေါင်း ၁၀၉ ဦး တက် ရောက်ခဲ့ကာ ဗဟိုကော်မတီဝင် ၂၁ ဦး နှင့် အရံဗဟိုကော် မတီဝင် ၄ ဦး တို့ကို ဒီမိုကရေစီနည်းကျ လျှို့ ဝှက် မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ခဲ့ကြောင်း သိရသည်။
“ဒီညီလာခံကတော့ ၃ နှစ်တစ်ခါ ကျင်းပနေကြအတိုင်း ကျင်းပတာပါ၊ လက်ရှိနိုင်ငံအရေးအခြေအနေရ သက်တမ်းကာလ တစ်နှစ်ကျော်ကျော်လောက်ကြသွားပါတယ်၊ ညီလာခံကို ပုံမှန်ကျင်းပနေကြ အတိုင်း ပဲ ခေါင်းဆောင်မှုပိုင်း အသစ်ရွေးချယ်ဖို့ ၊ မူဝါဒတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ပြန်လည် သုံးသပ်ဖို့၊ ပုံမှန် လုပ်နေကြ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆက်လက်အလုပ်လုပ်နိုင်ဖို့ ကျင်းပတာပါ၊ နောက်ထပ် ၃ နှစ် ကာလ မှာ နောက်ထပ်ဦးဆောင်မယ့် သူတွေ၊ နောက်ထပ်ဖော်ဆောင်မယ့်ရှေ့လုပ်ငန်းစဉ်တွေ အတွက် ပြန်လည် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ရဲဘော် ကျော်ကျော်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။
ယင်းညီလာခံမှ ပကတိအခြေနေများနှင့်ပတ်သက်၍ မကဒတ တိုက်ပွဲသဏ္ဍန်သည် လက်နက်ကိုင် တိုက်ပွဲ အဓိကဖြစ်ကာ အခြားသော တိုက်ပွဲသဏ္ဍန်များနှင့် ပေါင်းစပ်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။
တပြိုင်နက်တည်းမှာပင် ပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မကဒတ (ကျောင်းသားတပ်မတော်)၏ နိုင်ငံ ရေး ရည်မှန်းချက်ဖြစ်သည့်စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေး၌ စစ်တပ်ပါဝင်နေခြင်းအား အဆုံး သတ်ရန်၊ စစ်တပ်အား ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ခံအရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှု အောက်၌ အပြည့်အဝ ထားရှိရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းရန်၊ ပဋိပက္ခအတွင်း မတရားကျူး လွန်ခံရသူများအတွက် အမှန်တရားနှင့်တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရား မျှ တမှုရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန်နှင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုအဆင့်တိုင်းတွင် နိုင်ငံတ ကာ၏ ကြားဝင်ညှိနှိုင်းမှု၊ နည်းပညာပံ့ပိုးမှု၊ လေ့လာစောင့်ကြည့်မှု နှင့် ဘဏ္ဍာရေးကူညီ ထောက်ပံ့မှု ရရှိ ရေး စသည့် နိုင်ငံရေးရည်မှန်းချက်တို့ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးရည်မှန်းချက်များကို စစ်ကောင်စီက လက်မခံပဲ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေပါက မည်သည့် ဆွေးနွေးပွဲမျှ ပြုလုပ်ရန်မရှိကြောင်း၊စနစ်အပြောင်းအလဲ (system change) ကို လိုလားသည် သာမက အာဏာရှင်စနစ်မှ နောက်ပုံစံတစ်ခုသို့ပြောင်းလဲခြင်း သို့မဟုတ် အာဏာရှင်အရပ်သားအစိုးရပုံစံဖြင့် ပြောင်းလဲခြင်းကိုပင် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံ ရေးအခွင့် ထူးခံ များ အချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်မခံကြောင်း အသိပေးထားသည်။
ထို့ပြင် မြန်မာနိုင်ငံအကြပ် အတည်းဖြေရှင်းမှုတွင် အမျိုးသားစည်းလုံးညီညွတ်မှုပုံစံကို အခြေခံ၍ အနာဂတ် မြန်မာနိုင်ငံ၏အစိုးရ များကို ဖန်ဘီးပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက် ပွဲစနစ် တရပ် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် အသွင်ကူးပြောင်းရေး အာဏာပိုင်မဟုတ်၊ အသွင်ကူး ပြောင်းရေး ကာလတွင် အားလုံး သဘောတူညီထားသည့် စစ်မှန်သော အသွင်ကူးပြောင်းရေးဆိုင်ရာ အာဏာပိုင် (Transitional Authority) တရပ် လိုအပ်ကြောင်း ဆက်လက်အသိပေးထားသည်။